နေပြည်တော် နိုဝင်ဘာ ၂၆
မြဝတီမြို့တွင် လူမှုကွန်ရက်အသုံးပြုကာ လိုင်စင်မဲ့ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေသူ တစ်ဦး ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ထိုသို့ လိုင်စင်မဲ့ယာဉ်/ ဆိုင်ကယ်များ တရားမဝင် ရောင်းဝယ်အသုံးပြုခြင်းများအား တာဝန်ရှိသူများက စိစစ်ဖော်ထုတ်ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ TikTok လူမှုကွန်ရက်စာမျက်နှာ၌ @naungminsatt အကောင့်ဖြင့် လိုင်စင်မဲ့ယာဉ်များပြသကာ အရောင်းအဝယ်ပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် အဆိုပါအကောင့်ပိုင်ရှင်အား စိစစ်ခဲ့ရာ @naungminsatt အကောင့်ပိုင်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေ နောင်မင်းဆက် (၂၆) နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်းမှာ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက် သစ်တပင်လမ်း အမှတ် (၄/ ၀၀၃၈) ၌ နေထိုင်ကာ ခြံဝင်းအတွင်း၌ လိုင်စင်မဲ့ယာဉ်များ ထားရှိ၍ အရောင်းအဝယ်ပြုလုပ်နေကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီ ၁၀ မိနစ်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ နောင်မင်းဆက်အား အဆိုပါခြံဝင်းအတွင်းမှ YGN-7 1P-4273 TOYOTA LEXUS၊ KYN-4 9K-6698 BMW၊ KYN-7 5K-6318 TOYOTA LEXUS အမျိုးအစား လိုင်စင်မဲ့ယာဉ် သုံးစီး၊ စိစစ်ဆဲယာဉ်တစ်စီး ပေါင်း လေးစီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လိုင်စင်မဲ့ယာဉ်များကို လူမှုကွန်ရက်အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်နေသူ နောင်မင်းဆက်အား မြဝတီမြို့မရဲစခန်း (ပ) အမှတ် ၂၆၈/၂၀၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းနှင့် အလားတူအကောက်ခွန်မဲ့ တရားမဝင်လိုင်စင်မဲ့ယာဉ်များနှင့် ဆိုင်ကယ်များစီးနင်းအသုံးပြု၊ အရောင်းအဝယ်ပြုလုပ်ခြင်းများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


