မြဝတီ စက်တင်ဘာ ၂၃
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဆောင်းနေကြာ စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ယခုနှစ်တွင် နေကြာသီးနှံဧက ၅၅၀ စိုက်ပျိုးမည့် ကျေးရွာအုပ်စု ငါးအုပ်စု၊ ကျေးရွာ ခြောက်ရွာမှ သီးထပ်၊ သီးညှပ်ဧက အဖြစ် နေကြာမျိုးစေ့ ကီလို ၉၀၀ ပံ့ပိုးပေးမှုအပေါ် တောင်သူများက ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က တောင်သူများအား နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစံအောင်က နေကြာစိုက်ပျိုးခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ဦးစီးအရာရှိ ဦးသန်းရွှေက နေကြာ စိုက်ပျိုးမည့် အစီအစဉ်ကို လည်းကောင်း ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။
မျိုးစေ့များပေးအပ်
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ၂၀၂၅ - ၂၀၂၆ ခုနှစ် မြဝတီမြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့များ ပေးအပ်ပြီး နေကြာစိုက်ပျိုးမည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


