မုံရွာ  ၁၅  ဖေဖော်ဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်များအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း (၁ဝ၈ဝ၁ ဒသမ ၉၄၃) ကို အသုံးပြုသွားမည်ဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့  ဒေသဦးစီးအဖွဲ့ရုံးမှ ဒေသဦးစီးအဖွဲ့ဝင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်  ဦးလော်ယုံထံမှ သိရသည်။

 

နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးဖြစ်သော ကျောက်ခင်းလမ်းများ၊ မြေသားလမ်းများ၊ ဂျင်းခင်းလမ်းများ၊ ဆိုင်ကယ်လမ်း၊ ကွန်ကရစ်တံတားများတည်ဆောက်ခြင်းစသည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး လုပ်ငန်းများ၊ သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ ဘာသာရေးအဆောက်အဦဆောက်လုပ်ခြင်းလုပ်ငန်းများ၊ မြေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ ပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်လုပ်ခြင်း စသည့်လုပ်ငန်းပေါင်း (၁၆၆)ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လုပ်ငန်း(၃၁)ခုအတွက် ငွေကျပ် (၃၂၆၄ ဒသမ ဝ၈၄)သန်းဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်း(၂၁)ခုအတွက် ငွေကျပ် (၁၈၃၂ ဒသမ ၂၁၄)သန်း ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်း(၁၈)ခုအတွက် ငွေကျပ်(၄၄၉ ဒသမ ၂၂၄)သန်းဖြင့်လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ လုပ်ငန်း(၇)ခုအတွက် ငွေကျပ်(၁၈၅၂ ဒသမ ၆၂၁)သန်းဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လုပ်ငန်း (၂၅)ခုအတွက် ငွေကျပ် (၈၄၈ ဒသမ ၉ဝဝ)သန်းဖြင့်လည်းကောင်း၊ အခြားဝန်ကြီးဌာနများမှ လုပ်ငန်း(၄၁)ခုအတွက်(၈၈၁ ဒသမ ၄၈ဝ)သန်းဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ လုပ်ငန်း (၂၃)ခုအတွက် ငွေကျပ် (၁၆၇၃ ဒသမ ၄၂ဝ)သန်းဖြင့်လည်းကောင်း ခွင့်ပြုထားကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

Slide1