ချီလီနိုင်ငံတွင်ကျင်းပသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် မော်ရိုကို ယူ-၂၀ အသင်း က နာမည်ကြီး အာဂျင်တီးနား ယူ-၂၀ အသင်းကို အံ့အားသင့်ဖွယ် နှစ်ဂိုးပြတ်အနိုင်ရရှိကာ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူ-၂၀ ကမ္ဘာ့ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ် သည်။ ၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ချီလီနိုင်ငံက အိမ်ရှင်အဖြစ်  လက်ခံကျင်းပပြီး  စက်တင်ဘာ ၂၇ ရက်မှစတင်ကာ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းအထိ မြို့လေးမြို့ရှိ အားကစားကွင်းလေးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗိုလ်လုပွဲပွဲစဉ်ကို ချီလီနိုင်ငံ ဆန်တီယေဂိုမြို့ အားကစားကွင်း၌ အောက်တိုဘာ ၂၀ ရက် နံနက် ၅ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည်။ မော်ရိုကိုအသင်းသည် ယခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ၂၀၀၉ ခုနှစ်က ဂါနာအသင်းပြီးနောက် ဖလားဆွတ်ခူးနိုင်သည့် ဒုတိယမြောက် အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် မော်ရိုကိုအသင်းသည် နှစ်ပေါင်း ၄၂ နှစ်အတွင်း ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်းကို နိုင်ပွဲရယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ယူ-၂၀ ကမ္ဘာ့ဖလားကို စံချိန်တင် ခြောက်ကြိမ်ဆွတ်ခူးရရှိထားသည့် အာဂျင်တီးနားအသင်းသည် ပွဲချိန်တစ်လျှောက်တွင် မော်ရိုကိုအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာဖြင့်    တစ်ဖတ်သတ်ဖိအားပေးကစားနိုင်ခဲ့သော်လည်း မော်ရိုကိုအသင်းခံစစ်နှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်စွမ်း မရှိသည့်အတွက် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ကာ ခုနစ်ကြိမ်မြောက် ဖလားဆွတ်ခူးခွင့်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။   မော်ရိုကိုအသင်းအတွက် သွင်းဂိုးများကို ဇာဘရီ တစ်ဦးတည်းက ပွဲကစားချိန် ၁၂ မိနစ်နှင့် ၂၉ မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။

မော်ကိုရိုအသင်းကစားသမား အော့သ်မန်မာအမ်မာသည် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုဖြစ်သည့် ရွှေဘောလုံးဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အကောင်းဆုံး ဂိုးသမားဆုကို အာဂျင်တီးနားအသင်း ဂိုးသမား ဆန်တီနိုဘာဘီက ဆွတ်ခူးရရှိခဲ့သည်။                                                                

အောင်ဇော်