အီတလီစူပါဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာ ၂၃ ရက် နံနက် ၁ နာရီခွဲက ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ရှိ Al-Awwal Park ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် နာပိုလီနှင့် ဘိုလော့ဂ်နာအသင်းပွဲစဉ်တွင် နာပိုလီအသင်းက ဒေးဗစ်နီရက်စ်သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ်အနိုင်ရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။

ပွဲအစပိုင်းကတည်းက ဘိုလော့ဂ်နာအသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့သော နာပိုလီအသင်းသည် ပိုလီတာနို၏  ဖန်တီးပေးမှုကို တောင်ပံတိုက်စစ်ကစားသမား ဒေးဗစ်နီရက်စ်က သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည့်အတွက် ပွဲချိန် ၃၉ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့သည်။ ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးပမ်းလာသော ဘိုလော့ဂ်နာအသင်းသည် အသင်းကစား သမားများ၏ အဆုံးသတ်ပိုင်း လိုအပ်ချက်ရှိနေသည့်အတွက် အချည်းနှီးဖြစ်ခဲ့ရသည်။

ဒုတိယပိုင်းတွင်လည်း  နာပိုလီအသင်းကသာ  ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုများနှင့်အတူ ပွဲကို ဆက်လက်ထိန်းချုပ်ကစားနိုင်ခဲ့သည်။ နာပိုလီအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုး ကို ပွဲချိန် ၅၇ မိနစ်တွင် ဒေးဗစ်နီရက်စ်ကပင် သွင်းယူပေးနိုင်ခဲ့သည်။ နာပိုလီအသင်းသည် ဘိုလော့ဂ်နာအသင်းကို အနိုင်ယူဗိုလ်စွဲနိုင်ခဲ့သည့်အတွက် ၂၀၁၄ ခုနှစ်နောက်ပိုင်း စူပါဖလားကို တစ်ကျော့ပြန် ဆွတ်ခူးနိုင်ခဲ့သည်။

မန်ယူကွင်းလယ်ကစားသမားဟောင်း စကော့သ်တွန်မီနေးသည်  နာပိုလီအသင်းနှင့် ဒုတိယမြောက်ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဘိုလော့ဂ်နာအသင်းသည် ဆီမီးဖိုင်နယ်တွင် နာမည်ကြီး အင်တာမီလန်အသင်းကို ဖြတ်ကျော်နိုင်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် နာပိုလီအသင်းကို  ထပ်မံကျော်ဖြတ်နိုင်ခြင်းမရှိသည့်အတွက် ဖလားဆွတ်ခူးခွင့်နှင့် လွဲချော်ခဲ့သည်။                                                                    

အောင်ဇော်