နေပြည်တော် အောက်တိုဘာ ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Centre မှ ကင်ဆာရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ Dr. Moiseyenko နှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြီး အရိုးရောဂါကုဌာန၊ အထွေထွေ ခွဲစိတ်ကုဌာန၊ သွေးရောဂါအထူး ကုဌာနများမှ ကင်ဆာဝေဒနာရှင် လေးဦးကို ကြည့်ရှုစစ်ဆေး၍ လူနာများအတွက် ပိုမိုသင့်တော် ကောင်းမွန်သည့် ကုထုံးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ အထူးကုဆရာဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်ကြသည်။
ယင်းနောက် သွေးရောဂါအထူးကုဌာနရှိ သွေးကင်ဆာခံစားနေရသော လူနာများ၏ ကျန်းမာရေး စစ်ဆေးမှုများကို ကြည့်ရှု၍ လိုအပ်သည့် ကုသနည်းများကို ပူးပေါင်းဆွေးနွေးကြသည်။
ထို့နောက် ခြင်ဆီအစားထိုးဌာန (Bone marrow transplant center) သို့ သွားရောက်၍ အောင်မြင်စွာ ခြင်ဆီအစားထိုး ကုသပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိသည့် လူနာများနှင့် ခြင်ဆီအစားထိုး ကုသရန်လျာထားသော လူနာများအကြောင်းနှင့် ပတ်သက်၍ သွေးကင်ဆာ ကုသနည်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ အစည်းအဝေး ခန်းမတွင် Professor Dr. Moiseyenko က “Cancer and Age: How Aging Mechanisms Relate to Oncological Diseases” ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးရာ ဆေးတက္ကသိုလ်- ၁ ရန်ကုန်နှင့် တပ်မတော်ဆေး တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူး (ကင်ဆာဆေးကု)၊ ပါမောက္ခ/ဌာနမှူး (ဓာတ်ရောင်ခြည်) ၊ ပါမောက္ခ/ဌာနကြီးမှူး (ဆေးလက်တွေ့)နှင့် တက်ရောက်လာသူများက အတွေ့အကြုံများကို ပြန်လှန် ရှင်းလင်း ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန် ပြည်သူဆေးရုံကြီး၊ တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) မင်္ဂလာဒုံ၊ ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးနှင့် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးများမှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန် ကြီး/ငယ်များ၊ လက်ထောက် အထူးကုများနှင့် ဘွဲ့လွန်ကျောင်းသား စုစုပေါင်း ၁၂၀ တက်ရောက်၍ နှစ်နိုင်ငံအကြား ကင်ဆာရောဂါ ဆိုင်ရာ ဆေးပညာများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ကြကြောင်း သိရသည်။
သတင်းစဉ်


