ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၇ ရက်နေ့တွင် သွားရောက်ခဲ့ရာ ကာဇက်စတန်နိုင်ငံသမ္မတက သမ္မတနန်းတော်၌ လှိုက်လှဲနွေးထွေးစွာကြိုဆိုပြီး နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတက “မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ တောင်ဘက်တွင်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့ ကာဇက်စတန်နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ကြည့်မည်ဆိုပါက Logistic ပိုင်းဆိုင်ရာလုပ်ငန်းများကို အကောင်းဆုံးဖြတ်သန်းဆောင်ရွက်နိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက ရုရှားနိုင်ငံသာမက အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း” ပြောကြားခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတအနေဖြင့် ကာဇက်စတန်သမ္မတနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သော်လည်း ကာဇက်စတန်သမ္မတအနေဖြင့် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုမြင့်မားနေသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။

 

အရှေ့တောင်အာရှ ၁၀ နိုင်ငံရှိသည့် အာဆီယံဒေသ၌ မြန်မာနိုင်ငံသည် တောင်ဘက်တွင်ရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်အနေအထားအရ မဟာဗျူဟာကျသည့် အချက်အချာကျသောနေရာတွင် တည်ရှိသည်။ အင်အားကြီးအိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားတွင်တည်ရှိပြီး တရုတ်၊ အာဆီယံနိုင်ငံများအပြင် အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဥရောပနိုင်ငံများနှင့် ဆက်သွယ်ထောက်ပံ့ရေး၊ ကုန်သွယ်မှုပြုရေးတို့တွင် အရေးပါသည့်နိုင်ငံဖြစ်သည်။ ကာဇက်စတန်နိုင်ငံသည် ရုရှားနိုင်ငံ၏ အနောက်တောင်ဘက်တွင်ရှိပြီး မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်နှင့် တစ်ဆက်တစ်စပ်တည်းရှိသည်။ ထို့ကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ရုရှားနိုင်ငံသာမက အရှေ့တောင်အာရှနိုင်ငံများနှင့်ပါ အဆင်ပြေချောမွေ့သွားမည်ကို ကာဇက်စတန်နိုင်ငံက ယုံကြည်ထားသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်ယာယီသမ္မတက “မိမိအနေဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်၊ အမြင်ချင်းဖလှယ်နိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တွန်းအားတစ်ရပ်ဖြစ်စေလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း” ပြောကြားခဲ့သည်။

 

ကာဇက်စတန်သမ္မတနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးကဏ္ဍ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုကဏ္ဍတို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ကာဇက်စတန်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းအားဖြင့် အနာဂတ်ကာလတွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍများ၌ အကျိုးဖြစ်ထွန်း ထိရောက်အောင်မြင်မှုရရှိမည်မှာ သေချာသည်။

 

သို့ဖြစ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ချစ်ကြည်ရေးခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာဇက်စတန်နိုင်ငံတို့နှင့်သာမက မိတ်ဖက်နိုင်ငံများအားလုံးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ရာ ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တွန်းအားတစ်ရပ်ဖြစ်စေလိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။