နှစ်သစ်ငြိမ်းချမ်းပါစေသတည်း

နှစ်သစ်ကူးခဲ့ပြီး၊ ခရစ်နှစ် ၂ဝ၂ဝ ကို ထားရစ်ခဲ့ကာ ၂၀၂၁ သည် မင်္ဂလာ ရှိစွာ ချင်းနင်းဝင်ရောက်လာပြီ။

လူ့လောက၏သဘာဝအရ မှောင်မိုက်မှုများ မည်သို့ပင်ရှိသော်လည်း လင်းလက်တောက်ပမှုများလည်း ရှိသည်သာ။ ဝမ်းနည်းစရာတို့ မည်သို့ပင်ရှိသည်ဖြစ်စေ ပျော်ရွှင်စရာတို့လည်း ရှိမည်၊ စိတ်ပျက်စရာတို့ မည်သို့ပင် များပြားနေပါစေ၊ အားတက်စရာတို့ကလည်း ရှိနေမည် ဟူသည့် ကောင်းဆိုးဒွန်တွဲ လောကဖြစ်ပေသည်။

ကုန်လွန်ခဲ့သည့် တစ်နှစ်တာအတွင်းတွင် မြန်မာနိုင်ငံသားတို့ ရင်ဆိုင်ခဲ့ရသည်များ၊ ဖြေရှင်းခဲ့ရသည်များမှာ ခက်ခဲပြင်းထန်လှသည်ဟု ဆိုရမည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုးတစ်ကမ္ဘာလုံး၌ အရှိန်ပြင်းပြင်း လှည့်ပတ်ပျံ့နှံ့ကူးစက်ပြန့်ပွားနေခြင်းက မြန်မာနိုင်ငံတွင်းသို့ တဖြည်းဖြည်းချင်း ဝင်ရောက်လာရာမှ အရှိန်မြန် များပြားလာခြင်းသည် နိုင်ငံသားတို့အတွက် ခြိမ်းခြောက်မှုဖြစ်လာသည်။ ယင်းသည် ကုန်လွန်ခဲ့ သော ၂ဝ၂ဝ ပြည့်နှစ်၏ ဇာတ်လမ်းအစဟု ဆိုရပါမည်။

ကိုဗစ်ရောဂါ ကူးစက်မှုအန္တရာယ် ပထမအကြိမ်ပျံ့နှံ့စဉ်က ထိခိုက်မှု များစွာ မဖြစ်ခဲ့သော်လည်း ဒုတိယလှိုင်းကာလတွင်မူ မြန်မာနိုင်ငံသည် မျှော်မှန်းတွက်ဆခဲ့သည်တို့ထက် ပိုမိုသာလွန်စွာ ထိခိုက်နစ်နာခဲ့ရသည်ဟု ဆိုရပါမည်။

မည်သို့ပင် အထိနာသည် ဆိုစေကာမူ၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲ ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးနယ်ပယ်မှ တတ်ကျွမ်း နားလည်သူများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအနေဖြင့် ကူညီလုပ်ကိုင် ဆောင်ရွက်ပေးနေကြသူတို့၏ အင်အားတို့ကြောင့် လည်းကောင်း၊ ငွေကြေး၊ အသုံးအဆောင်၊ အစား အသောက်ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်း အစရှိသည်တို့ကို လှူဒါန်းကြသည့် ပြည်သူလူထုအပေါင်း၏စေတနာတို့ကြောင့်လည်းကောင်း အဆိုးရွားဆုံးအခြေအနေထိ မရောက်ခဲ့ဟု ဆိုရပါမည်။

နိုင်ငံနှင့်ချီ၍ ကြုံတွေ့ရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် ရာတွင် နိုင်ငံသားပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ ပြဿနာတို့အပေါ် အလေးအနက်ထားရှိခြင်း၊ ဂရုတစိုက်ရှိခြင်း စသည်တို့က နိုင်ငံတွင်း ထိခိုက်နစ်နာမှုများကို များစွာ သက်သာသွားစေခဲ့ပါသည်။

ယခုတစ်ဖန်နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံသားတို့ ကိုဗစ်ကာကွယ် ဆေးထိုးနှံနိုင်ရေးကို ကြိုးပမ်း စီမံပြင်ဆင်နေသည်ဖြစ်ရာ ယခုဖြတ်သန်း ရမည့် ၂၀၂၁ နှစ်သစ်တွင် များစွာတိုးတက်လာနိုင်ဖွယ် ရှိပါသည်။ ပြည်သူ တို့၏ ဘဝများ ပုံမှန်အခြေအနေအတိုင်း ရှင်သန်နေထိုင်ကာ အလုပ် အကိုင်နှင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင် လိမ့်မည်ဟုလည်း မျှော်လင့်ပြင်ဆင်နေကြပါသည်။

နှစ်သစ်သည် ပြန်လည်ထူထောင်မှုလုပ်ငန်းများ၊ ပြန်လည်စည်ပင် သာယာလာမည့် ဝန်းကျင်များ၊ ပြန်လည်တိုးတက်မြင့်မားလာမည့် စီးပွားရေးအနေအထားများတို့ကို မျှော်လင့်နိုင်သည့် အခြေအနေကောင်း များက စောင့်ကြိုနေပြီဖြစ်ပါသည်။

အဓိကအားဖြင့်မူ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ပန်ကြားချက်ဖြစ်သည့် လူစုလူဝေးရှောင်ရန်၊ ခွာခွာနေကြရန်၊ လက်ကိုစနစ်တကျနှင့် မကြာခဏဆေးရန်၊ အပြင်ထွက်သည့်အခါ နှာခေါင်းနှင့် ပါးစပ်စည်းတို့ကို တပ်ဆင်ရန် အစရှိသည်တို့ကို ဆက်လက်လိုက်နာကြရန် ဖြစ်ပါသည်။ ထို့အတူ (အေ) အဆင့်ရှိ စည်းကမ်းအတိုင်း ဖွင့်လှစ်သော စားသောက်ဆိုင်များ၊ စက်ရုံများကို လုပ်ငန်းဆက်လက် လုပ်ကိုင်ခွင့်ပေးထားသော်လည်း လူစုလူဝေးဖြစ်နိုင်သည့် ပွဲလမ်းသဘင်များ၊ ရုပ်ရှင်ရုံများ၊ ကလပ်များ၊ ဘာများကို ဖွင့်ခွင့်မပေးသေး၊ နိုင်ငံရပ်ခြား ခရီးသွားဧည့်သည်များကို လက်မခံသေး အစရှိသည့် အမိန့်များသည်လည်း ဇန်နဝါရီ ၃၁ နေ့အထိ ဆက်လက်တည်နေဦးမည်ဖြစ်ပါသည်။

ယင်းသို့သော ညွှန်ကြားချက်၊ ပန်ကြားချက်၊ အမိန့်များအတိုင်း လိုက်နာနေထိုင်ကြခြင်းဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ကြကာ မကြာလှသောအချိန်တွင် အားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည် ဟု ယုံကြည်ပါသည်။

ယခုကဲ့သို့သော ၂၀၂၁ နှစ်သစ်မင်္ဂလာအခါတွင် မြန်မာပြည်သူ ပြည်သားအားလုံးတို့သည် ကျန်းမာပျော်ရွှင်နိုင်ကြပါစေသတည်း။ မြန်မာနိုင်ငံတစ်ခုလုံး စစ်ပွဲများ အပြီးတိုင်ရပ်စဲကာ ငြိမ်းချမ်းကြပါစေ သတည်း။ ။