ရန်ကုန် ၁၅ ဖေဖော်ဝါရီ
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့၏ သံရုံးအကြီး အကဲများကဦးစီးကျင်းပသည့် Nordic Day အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းအမှတ်(၃) Nordic House ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဇနီး ဒေါက်တာဒေါ်ခင်သန်းအေးတို့ တက်ရောက်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး H.E. Ms. RiikkaLaatu နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်နှင့် ဆွီဒင် နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး သံအမတ်ကြီးများက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
(သတင်းစဉ်)


