ကင်ဘာရာ နိုဝင်ဘာ ၁၀

 

လေ့လာမှုတစ်ရပ်အရ နေ့စဉ်ကော်ဖီတစ်တစ်ခွက် သောက်သုံးခြင်းက နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၊ လေဖြတ်ခြင်းနှင့် ဆောလျင်စွာ သေဆုံးခြင်းတို့ ဖြစ်စေတတ်သော နှလုံးခုန်နှုန်းစည်းချက် မမှန်ခြင်း (အေအက်ဖ်)ကို ကာကွယ်ပေးနိုင်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

 

ဩစတြေးလျနိုင်ငံရှိ အက်ဒဲလိတ်တက္ကသိုလ်နှင့် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်တို့၏ နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်တွင် သုတေသီများသည် နှလုံးကျန်းမာရေးအတွက် အံ့အားသင့်စရာကောင်းသည့် မဟာမိတ်တစ်ခုကို ကော်ဖီထဲတွင် ရှာဖွေတွေ့ခဲ့ကြကြောင်း ဖော်ပြထားသည်။

 

ကော်ဖီနှင့် အေအက်ဖ်ကြား ဆက်စပ်မှုကို လေ့လာသည့်ပထမဆုံးသော ကျပန်းရွေးချယ် စမ်းသပ်မှုတွင် တစ်နေ့လျှင် အနည်းဆုံး ‌ကော်ဖီတစ်ခွက် သို့မဟုတ် အိတ်စ်ပရက်ဆို သောက်သုံးသော အေအက်ဖ်လူနာများမှာ ကဖိန်းဓာတ်ကို လုံးဝရှောင်ကြဉ်သောသူများထက် အေအက်ဖ်ထပ်မံ ဖြစ်ပွားသည့်အန္တရာယ်ကို ၃၉ ရာခိုင်နှုန်း‌ လျှော့ချပေးနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဩစတြေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့မှ အေအက်ဖ်လူနာ ၂၀၀ ကို ခြောက်လကြာ လေ့လာစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

 

ကော်ဖီသည် ကိုယ်လက်လှုပ်ရှားမှုကို မြှင့်တင်ပေးပြီး အေအက်ဖ်ကို လျှော့ချနိုင်ကြောင်း၊ ထို့ပြင် ကဖိန်းဓာတ်သည် ဆီးရွှင်စေပြီး သွေးပေါင်ချိန်ကို လျော့ကျနိုင်ကြောင်း ဆန်ဖရန်စစ္စကိုမြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ် နှလုံးအထူးကုဌာနမှ ပါမောက္ခဖြစ်သူ ဂရက်ဂိုရီမားကပ်စ်က ပြောသည်။

 

ကော်ဖီထဲတွင်ပါသည့် အခြားပါဝင်ပစ္စည်းများက ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်သော အာနိသင်များရှိကြောင်းနှင့် လေ့လာမှုက လူနာများအားပေးသော ဆေးဘက်ဆိုင်ရာ အကြံပေးချက်များကို ပြောင်းလဲသင့်ကြောင်း မားကပ်စ်က ပြောသည်။

 

ဆင်ဟွာ