နေပြည်တော် အောက်တိုဘာ ၁၅

နေပြည်တော်  ရှစ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ  Grade-12  ကျောင်းသား ကျောင်းသူများအား Naypyitaw State Academy  တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များ မိတ်ဆက်ခြင်းအစီအစဉ်ကို အဆိုပါမြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ အောက်တိုဘာ ၁၃ ရက်မှ ၁၆ ရက်အထိ ဆောင်ရွက်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၁) အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုး၊  မွေးမြူရေးအထက်တန်းကျောင်းတို့တွင်  သိပ္ပံပညာ၊   ဝိဇ္ဇာပညာ၊   အားကစားပညာ၊ လူမှုရေးပညာဘာသာရပ်များကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်းနှင့် လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာ မဟာအတုလအောင်ဓမ္မဗိမာန်တော်ခန်းမတို့၌ ဝိဇ္ဇာပညာ၊ ဥပဒေပညာ၊   စီးပွားရေး ပညာ၊ ဆေးပညာဘာသာရပ်များကိုလည်းကောင်း မိတ်ဆက်ရှင်းလင်းကြရာ ကျောင်းသား ကျောင်းသူ ၂၁၆၈ ဦး တက်ရောက်ကြသည်။

ဦးစွာ    Naypyitaw    State Academy   ခေတ္တပါမောက္ခချုပ် ဒေါက်တာနုနုလွင်က Naypyitaw State Academy ဆိုင်ရာအချက် အလက်များနှင့်    ကျောင်းသား ကျောင်းသူများအား   ဘာသာရပ်များ  မိတ်ဆက်ခြင်းအစီအစဉ်  ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊  ဆရာ  ဆရာမများက  မိတ်ဆက်ရှင်းလင်းကြသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာ   ဘာသာရပ်များမှ ပါမောက္ခ(ဌာနမှူး)များ၊     ဆရာ ဆရာမများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားသည်။

Naypyitaw State Academy တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ စာကြည့်တိုက်နှင့် သုတပညာ၊ သံတမန် ရေးရာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ကုန်ထုတ်ဓာတုဗေဒ၊ နျူကလီးယား ရူပဗေဒ၊   ဥပဒေပညာ [LLB, BA (Law)]၊ ဘောဂဗေဒ၊  ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်းပညာ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ အားကစားပညာ၊ လူမှုရေးပညာနှင့် ဆေးပညာ အထူးပြုဘာသာရပ်များ    ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်