နေပြည်တော် ဒီဇင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ ကျင်းပရာ တပ်ကုန်းမြို့ မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိအမှူး ပြုသော ပင့်သံဃာများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်၍ ဆရာတော်ကြီးများ ရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ဗိမာန်တော်ကြီး ဝင်းအတွင်း ပက်ဖျန်းကြဲဖြန့် ကြသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တာဝန်ရှိသူများ နှင့်အတူ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ရတနာပန္နက်တော်များကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ထမ်းမိသားစုများနှင့် ခုနစ်ရက် သားသမီးများက ဗုဒ္ဓ သာသနာပြု ဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ရန်အတွက် အလှူတော်ငွေများကို ဂေါပက အဖွဲ့ဥက္ကဋ္ဌထံ လည်းကောင်း၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၇၇ ကျောင်းနှင့် သီလရှင် ၁၆ ကျောင်း စုစုပေါင်း ၂၉၃ ကျောင်းအတွက် အလှူတော်ငွေများကို နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းထံ လည်းကောင်း ပေးအပ်လှူဒါန်းကြပြီး တပ်ကုန်း မြို့ မြို့ဦးကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တပဏ္ဍဝ ထံမှ အနုမောဒနာတရား နာယူ ကြည်ညို၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ဆက်လက်၍ ဥပသကာများက ရတနာ ပန္နက်တော်များကို ပင့်ဆောင်၍ ဗုဒ္ဓသာသနာပြုဗိမာန် တော်ကြီးဝင်းအတွင်း လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး မင်္ဂလာအချိန်တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ရတနာပန္နက်တော် တင်၍ ပရိတ်နံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


