နေပြည်တော် ဒီဇင်ဘာ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ် ကျောက်ဖျာကျေးရွာသို့ သွားရောက်၍ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ၏ ဖြည့်စွက် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ခေတ်အေး - ကျောက်ဖျာ - ရွာသစ်ကုန်း ကျေးရွာချင်းဆက်လမ်းအရှည် ၁ မိုင် ၄ ဖာလုံ (2 x Wheel Track) ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရား အင်အားတိုးမြှင့်ပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ကျောက်ဖျာကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ ဆရာမများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကျောင်းစာကြည့်တိုက်အတွက် အလှူငွေနှင့် ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်ကာ ကျေးရွာအတွင်းရှိ လုပ်ငန်းရှင် ဦးဇေယျာမင်း၏ ဒေသကြက် အကောင် ၇၀၀ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှု အားပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်၌ ကျင်းပသည့် နေပြည်တော်အတွင်းရှိ ပြည်သူများအား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြမဲပေးခြင်း အခမ်းအနားသို့တက်ရောက်၍ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ မဲပေးကြမည့်မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများ၏ ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းများအနက် မိမိတို့ ကြိုက်နှစ်သက်ရာ နိုင်ငံရေးပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများကို မှန်မှန်ကန်ကန် မဲပေး ရွေးချယ်တတ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ သရုပ်ပြ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်စိုးဝင်းက မြန်မာအီလက်ထရောနစ် မဲပေးစက် ( MEVM ) ဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ရွေးကောက်ပွဲစနစ်အကြောင်းကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဦးစီးမှူး ဦးအောင်ခိုင်ဆွေက နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက MEVM စက်ဖြင့် ပြည်သူများကို မဲပေးသရုပ်ပြခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)


