ယူအီးအက်ဖ်အေ   နေးရှင်းလိဂ် တတိယနေရာလုပွဲအဖြစ် ဂျာမနီနှင့်  ပြင်သစ်အသင်းပွဲစဉ်ကို  ဇွန် ၈ ရက် ည ၇ နာရီခွဲက ဂျာမနီနိုင်ငံ စတုဂတ်မြို့ရှိ အမ်အိတ်ချ်ပီ အရီနာအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ  ပြင်သစ်အသင်းက အကြိတ်အနယ်ကစားပြီး   နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

ဂျာမနီအသင်းသည် ဂိုးရရှိရန် နီးစပ်သည့်  အခွင့်အရေးများနှင့်အတူ  ခြေစွမ်းအသာဖြင့်   ဖိအားပေး      ကစားနိုင်ခဲ့သော်လည်း ပြင်သစ်အသင်းခံစစ်နှင့် ဂိုးသမားတို့ အကောင်းဆုံးဟန့်တား ကာကွယ်နိုင်ခဲ့ သည့်အတွက် သွင်းဂိုးရရှိရေးအခက်တွေ့ခဲ့ရသည်။ ပြင်သစ်အသင်းက   ရရှိလာသည့် အခွင့်အရေးကို  အမိအရ  အသုံးချပြီး သွင်းဂိုးများအဖြစ် ပြောင်းလဲကာ    အရေးပါသည့်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ သည်။

ပြင်သစ်အသင်းအတွက် အဖွင့်သွင်းဂိုးကို ပွဲကစားချိန် ၄၅ မိနစ်တွင်   ချူအာမန်နီ၏  ဖန်တီးမှုမှ တစ်ဆင့်   အသင်းခေါင်းဆောင် အမ်ဘာပေက  အဆုံးသတ်သွင်းယူပေးခဲ့သည်။ ပွဲကစားချိန် ၅၃ မိနစ်တွင် လူစားဝင်တိုက်စစ်ကစားသမား  ဒင်းနစ်အွန်ဒါဗ်က  ဂျာမနီအသင်းအတွက်  ချေပဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ဗွီအေအာရ် ပြန်လည်ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက်   ပယ်ဖျက်လိုက် သည့်အတွက် နစ်နာခဲ့ရသည်။

ပွဲကစားချိန် ၈၄ မိနစ်တွင် ပြင်သစ်အသင်းအတွက် ဒုတိယဂိုးကို အမ်ဘာပေ၏  ဖန်တီးမှုမှတစ်ဆင့်  လူစားဝင်တိုက်စစ်ကစားသမား  အိုလစ်က သွင်းယူပေးနိုင်ခဲ့သည်။  ထို့နောက်  ပွဲချိန်ပြည့်သည် အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းနိုင်ခြင်းမရှိသည့်အတွက် ပြင်သစ်အသင်းက နှစ်ဂိုးပြတ် နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။  

အောင်ဇော်