ဂျေရုဆလင်   နိုဝင်ဘာ  ၂၀

နယ်မြေလုံခြုံရေး အစီအစဉ်သစ်တစ်ရပ်ကို အကောင်အထည်ဖော်မည့်သတင်းများ    ထွက်နေချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုသည် နိုဝင်ဘာ ၁၉ ရက်က ဆီးရီးယား ဘက်အခြမ်း ဂိုလန်ကုန်းမြင့်ရှိ    စစ်မဲ့ဇုန်သို့    သွားရောက်ခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန် ကြေညာခဲ့သည်။

နေတန်ယာဟု၏ခရီးစဉ်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ကာ့ဇ်၊ နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆားရ်စသည့် အကြီးအကဲများနှင့် တခြားတာဝန်ရှိသူများလည်း လိုက်ပါခဲ့သည်။

ဝန်ကြီးချုပ်သည်  အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စခန်းသို့ရောက်ရှိပြီး ဒေသအခြေအနေများကို လေ့လာခဲ့ပြီးနောက် လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့သည်ဟု အဆိုပါရုံးက   ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါစခန်း၌   တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောကြားရာတွင် နေတန်ယာဟုက ဆီးရီးယားဘက် အခြမ်း ဂိုလန်ကုန်းမြင့်ရှိ မိမိတို့၏ မဟာမိတ်များဖြစ်သော  ဒရုဇ်များကို  ခုခံကာကွယ်ရန်   ခံစစ်နှင့် ထိုးစစ်နှစ်မျိုးလုံးတွင် အစ္စရေးသည် မိမိတို့၏စွမ်းရည်များကို အလေးထားရမည်ဖြစ်ကြောင်းနှင့် အစ္စရေးနှင့် ၎င်း၏မြောက်ဘက်နယ်စပ်ကိုလည်း ကာကွယ်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  ထို့ပြင် ယခုကိစ္စသည်အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည့် မစ်ရှင်တစ်ခုဖြစ်သည်ဆိုသည့်အပေါ်  အသေးစိတ်ဖော်ပြခြင်းမပြုဘဲ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဘာရှာအယ်လ် အာဆတ်အစိုးရ ပြုတ်ကျပြီးနောက်  အစ္စရေးတပ်ဖွဲ့ဝင်များထိန်းချုပ်ထားသော ဆီးရီးယားတောင်ပိုင်း ဒေသများနှင့်ပတ်သက်သည့် လုံခြုံရေးသဘောတူညီချက်အပေါ်  အစ္စရေးနှင့် ဆီးရီးယားကြား အမေရိကန်က ကြားဝင်စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယခုလအစောပိုင်းတွင် ဆီးရီးယားယာယီခေါင်းဆောင် အာမက်အယ်လ်ရှာရားသည် အိမ်ဖြူတော်သို့   သွားရောက်ခဲ့ပြီး   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်  လုံခြုံရေးဆိုင်ရာ   သဘောတူညီချက်ကိစ္စရပ်များနှင့် အမေရိကန်၏ပိတ်ဆို့အရေးယူမှု တစ်စိတ်တစ်ပိုင်းသက်သာစေရန်   ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နောက်ပိုင်းတွေ့ဆုံမေးမြန်းမှုများတွင် အယ်လ်ရှာရားက တွေ့ဆုံဆွေးနွေးမှုများတွင် သိသာထင်ရှားသည့်တိုးတက်မှုများမရှိသော်လည်း အစ္စရေးတပ်ဖွဲ့များ  ၎င်းတို့   ထိန်းချုပ်ထားသည့်    ဆီးရီးယားတောင်ပိုင်းမှ   ဆုတ်ခွာရန်    သဘောတူညီချက် တစ်ရပ်ရပ်   လိုအပ်မည်ဖြစ်ကြောင်း  အတည်ပြုပြောကြားခဲ့သည်။  သို့သော်  အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး အစ္စရေးက ငြင်းဆိုထားသည်။

ယခု   သီတင်းပတ်အစောပိုင်းတွင်   အစ္စရေးပြည်သူ့အသံလွှင့်ဌာနဖြစ်သော   ကန်က တွေ့ဆုံဆွေးနွေးပွဲများ    ရပ်တန့်နေသည်ဟု    ဖော်ပြခဲ့သည်။                                                 

ဆင်ဟွာ