ဓမ္မဒူတအရှင်ဆေကိန္ဒ

 

ရှေးရှေးတုန်းက သတ္တဝါတွေ အမျိုးစုံနေထိုင်ကြတဲ့ တောအုပ်ကြီးရှိသတဲ့။

 

တောအုပ်ကြီးက ပင်လယ်ကြီးဘေးမှာ ရှိတာပေါ့။ ပင်လယ်ကြီးကလည်း လှပတဲ့ကမ်းခြေတွေရှိသလို မြင့်မားနက်ရှိုင်းတဲ့ ကမ်းပါးကြီးတွေလည်း ရှိကြတာပေါ့။ တောအုပ်ကြီးထဲမှာလည်း သစ်ကြီးဝါးကြီး၊ အပင်ကြီးတွေ ထူထပ်များပြားသလို ပန်းပင်ငယ်မျိုးစုံတွေလည်း ရှိကြတာပါပဲ။ ပန်းဥယျာဉ်တွေလည်း ရှိကြသလို မြက်ခင်းပြင်စိမ်းစိမ်း တွေလည်းရှိကြတာပေါ့။ တောရိုင်းတိရစ္ဆာန်တွေလည်း အမျိုးစုံ အများကြီးနေထိုင်ကြတဲ့ တောအုပ်ကြီးပါ။

 

လူတွေက ပြောကြလို့သာ တောရိုင်းတိရစ္ဆာန်လို့ ပြောရတာပါ။ သူတို့လည်း သူတို့အမျိုးနဲ့ သူတို့၊ သူတို့အုပ်စုနဲ့သူတို့ နေထိုင်ကြပေမယ့် အမျိုးမတူ၊ အုပ်စုမတူတာတွေနဲ့ အတူလက်တွဲနေထိုင်ကြတာ ဘာပြဿနာမှဖြစ်တယ်လို့ မကြားမိပါဘူး။ ဆိုးဆိုးသွမ်းသွမ်း လုပ်တာကိုင်တာ၊ ပြောတာဆိုတာမျိုးတွေကိုလည်း လေ့လာကြည့်သလောက်တော့ မတွေ့မမြင်မိပါဘူး။

 

အခုလည်းကြည့်လေ။ သူတို့ရဲ့ ဒီတောအုပ်ကြီးမှာ စတင်ရောက်ရှိပြီး စုပေါင်းနေထိုင်ကြတဲ့ အနှစ်သုံးသိန်းသုံးသောင်းသုံးထောင်သုံးရာသုံးဆယ့်သုံးနှစ်မြောက် အထိမ်းအမှတ်အောင်ပွဲကို ကျင်းပနေကြတာတဲ့။ ကြုံတုန်းကြုံခိုက် လေ့လာချင်တော့ သူတို့ရဲ့ ကစားကွင်းဆီ သွားလိုက်တာပေါ့။ အံ့စရာကောင်းလိုက်တာ။ တိရစ္ဆာန်အမျိုးအစားတွေကလည်း စုံလို့။ အားကစားနည်းအမျိုးအစားတွေကလည်း စုံလို့။ ကုန်းနေသတ္တဝါတွေအတွက် မြေပြင်ဆိုင်ရာပြိုင်ပွဲ၊ ရေနေသတ္တဝါတွေအတွက် ရေပြင်ဆိုင်ရာပြိုင်ပွဲ၊ ငှက်တွေအတွက် ကောင်းကင်ဆိုင်ရာ ပြိုင်ပွဲဆိုပြီး ပြိုင်ပွဲတွေက အမျိုးစုံနေလေတော့ ပရိသတ်ပေါင်းစုံရဲ့ အားပေးကြ၊ အော်ကြ၊ ဟစ်ကြ အသံတွေကလည်း ပွက်လောကိုရိုက်နေကြတာ၊ ဟိုး မိုးထက်ယံဆီကတောင် ကြားနေရတယ်။ လေ့လာတယ်ဆိုမှတော့ နေရာအနှံ့လိုက်ကြည့်ပြီး လေ့လာရတာပေါ့။ မြင်တွေ့သမျှသာ ပြောပြရရင် တစ်လနှစ်လနဲ့တောင် ပြီးမယ်မထင်ဘူး။

 

ဟော အခုရောက်နေတဲ့ ဒီနေရာကိုတော့ စိတ်ဝင်စားသွားပြီ။ အပြေးပြိုင်တဲ့ကွင်း။ ပြိုင်ကွင်းက အဆင့်မြင့်လိုက်တာ။ ပွဲကြည့်စင်က အဆင့်ဆင့် သုံးထပ်၊ ပတ်လမ်းတွေနဲ့။ ဒိုင်လူကြီးက ဦးဇီးကွက်၊ အကူဒိုင်လူကြီးတွေက ဦးသမင်နဲ့ ဒေါ်ဒေါ်မြင်း။ သဘောကျလိုက်တာ၊ ဦးဇီးကွက်က သမာသမတ်ကျရာမှာ နာမည်ကြီးပုဂ္ဂိုလ်။ ဦးသမင်နဲ့ ဒေါ်ဒေါ်မြင်းကတော့ အပြေးပြိုင်ပွဲတွေကို ကြီးကြပ်ရာမှာ အကျွမ်းကျင်ဆုံးပေါ့။

 

အချိန်ကလိုနေသေးတော့ ပွဲကြည့်စင်မှာ ဝင်ထိုင်ပြီး စောင့်နေလိုက်တယ်။ ခဏနေတော့ အပြေးပြိုင်မှာက နှစ်ဦးတည်းတဲ့။ အခမ်းအနားမှူး ဦးဆင်ရဲ့ အသံကျယ်ကျယ်နဲ့ ကြေညာလိုက်ခါမှ ထပြန်ချင်စိတ် ပေါက်တော့တာပဲ။ ပြိုင်မယ့်သူတွေကိုလည်း ကြည့်ပါဦး။ ချန်ပီယံမောင်ယုန်နဲ့ လူသစ်တန်းက မောင်လိပ်တဲ့။ ဒါကြောင့် ထပြန်ချင်တာ။ သူတို့နှစ်ယောက်က ပြိုင်ဘက်တွေဟုတ်ကြလို့လား၊ အတန်းတူလို့လား။ နောက်ပြီးတော့ မောင်ယုန်နဲ့ မောင်လိပ်တို့ အပြေးပြိုင်ပွဲက ဟိုးရှေးရှေးငယ်ငယ်ကတည်းက ကြားဖူးပြီးသား၊ မောင်လိပ်က နိုင်တာလေ။ အခုလည်း မောင်လိပ်ကပဲနိုင်မှာပဲ။ သိပြီးသားကြီးပဲလေ။
အခုလို ပြောမိမှ စဉ်းစားစရာတွေက ပေါ်လာတယ်။

 

ထုံးစံက မောင်ယုန်နဲ့ မောင်လိပ်တို့ အပြေးပြိုင်ရင် မောင်ယုန်က သွက်တယ်၊ မြန်တယ်၊ ရင့်ကျက်တဲ့အပြေးသမား။ မောင်လိပ်က လှုပ်စိလှုပ်စိ၊ မပွင့်တပွင့်သမား၊ ခြေတစ်လှမ်းကုဋေတစ်သန်းတန်အောင် ဖြည်းဖြည်းသွားနေကျပေါ့။ ဒီတော့ အပြေးပြိုင်ရင် မောင်ယုန်ပဲနိုင်မှာပေါ့။ ဒါပေမဲ့ ပုံပြင်ထဲမှာက မောင်ယုန်ကရှုံးတယ်၊ မောင်လိပ်ကနိုင်တယ်။ စဉ်းစားစရာတွေ၊ တွေးခေါ်စရာတွေ၊ သင်ယူစရာတွေ၊ မှတ်သားစရာတွေ အများကြီးရခဲ့တယ်။ အဲဒီပုံပြင်ကို အိပ်ရာဝင်နားထောင်ပြီးတော့ အသိတရားတွေရပြီး ကြိုးစားမှုနဲ့ အောင်မြင်သွားတဲ့သူတွေက လောကမှာ ဒုနဲ့ဒေးပါပဲ။ ဒီတော့ အခု မောင်ယုန်နဲ့ မောင်လိပ် အပြေးပြိုင်ပွဲက ဘယ်လိုအသိတရားမျိုးတွေများရဦးမလဲလို့ စောင့်ကြည့်ချင်စိတ်တွေ ပေါ်လာပြန်တယ်။

 

အတွေးတွေက လွန်သွားတယ်။ ဘယ်လောက်ကြာသွားသလဲဆိုတော့ သတိရလိုက်တဲ့အခါမှာ အကူဒိုင် ဒေါ်ဒေါ်မြင်းရဲ့ တစ် နှစ် သုံး ဆိုတဲ့ အချက်ပေးသံနဲ့အတူ “ပြေး” ဆိုတဲ့ တာလွှတ်သံကိုပါ တစ်ဆက်တည်း ကြားလိုက်ရတယ်။ တာလွှတ်တာနဲ့တစ်ပြိုင်နက် မောင်ယုန်ကတော့ ခုန်စွခုန်စွနဲ့ ချက်ချင်းပန်းတိုင်ဘက်ကိုဦးတည်ပြီး ပြေးလိုက်တာ လှစ်ခနဲ လှစ်ခနဲပဲ။ မောင်လိပ်ကတော့ ထုံးစံအတိုင်းပေါ့။ လှုပ်လှုပ် လှုပ်လှုပ်နဲ့ တရွေ့ရွေ့သွားနေတာပေါ့။ ပြေးတာလား၊ သွားတာလား ဆိုတာတောင် မသဲကွဲပါဘူး။ အကူဒိုင် ဦးသမင်က အပြေးသမားတွေကို ဘေးကနေ ပြေးရင်း ပြေးရင်း အခြေအနေကြည့်နေတယ်။ ဒိုင်လူကြီး ဦးဇီးကွက်ကတော့ ပန်းတိုင်ထိပ် ကောင်းကင်ယံမှာပျံတက်ပြီး ပန်းဝင်လာမယ့်အပြေးသမားကို စောင့်ကြည့်နေတယ်။ အပြေးပြိုင်ပွဲက တစ်ဖက်သတ်ဆိုတာ ကြိုပြီးသိပါတယ်။ မောင်ယုန်ကမြန်တော့ မောင်ယုန်ပဲနိုင်မှာပေါ့။

 

ဟောလုပ်ပြန်ပြီ။ မောင်ယုန်က ပြေးရင်း ပြေးရင်းနဲ့ လမ်းတစ်ဝက်မှာ မောင်လိပ်ကို စောင့်သလိုလို ဘာလိုလိုနဲ့ရပ်နေတယ်။ မောင်ယုန်က မောင်လိပ်ကို အထင်သေးနေတာလား၊ မောင်လိပ်ကလေး အနားရောက်မှ တစ်ခါထပ်ပြေးလုပ်ပြီး လှောင်ချင်ပြောင်ချင်နေတာလား မသိဘူး၊ ဘာတွေများ စိတ်ကူးပြီးရပ်နေပါလိမ့်။

 

ပွဲကြည့်နေတာ စောင့်နေရလွန်းလို့ အိပ်ချင်စိတ်ပေါက်လာတယ်။ တစ်မှေးလောက်တော့ အိပ်လို့ရပါတယ်ဆိုပြီး ပွဲကြည့်လျက်နဲ့ အိပ်လိုက်တာ နိုးလာလို့ ကြည့်လိုက်တော့ မောင်ယုန်ကလည်း လမ်းတစ်ဝက်မှာ အိပ်နေတုန်းပဲ။ စိတ်အေးလက်အေး အပြေးဝင်ပြိုင်ရဲတဲ့ မောင်လိပ်ကို ဘယ်နားရောက်နေပြီလဲလို့ လိုက်ရှာကြည့်တော့ ဟော ပန်းတိုင်နဲ့ တစ်လံလောက်ပဲလိုပါတော့ပါကလား။ အံ့ရော အံ့ရော၊ ဟော ကြည့်နေရင်းပဲ မောင်လိပ်က ပန်းဝင်သွားပြီ။ ပရိသတ်တွေရဲ့ အားပေးလိုက်ကြတဲ့ လက်ခုပ်သံတွေက နားကွဲထွက်မတတ်ပါပဲ။

 

ဒီလောက် ပွက်လောရိုက် အားပေးဆူညံတဲ့ အသံတွေကြောင့် မောင်ယုန်ကနိုးသွားပြီ။ နိုးတာနဲ့တစ်ပြိုင်နက် ပန်းတိုင်ဆီကို တန်းပြေးသွားတယ်။ မြန်မှ မြန်ပဲ၊ လှစ်ခနဲ လှစ်ခနဲပဲ။ အရည်အချင်းတွေကို အစွမ်းကုန်ထုတ်ပြပေမယ့် နောက်ကျသွားပြီ။ ပုံပြင်ထဲက ယုန်လို ဖြစ်သွားပြီ။ နောင်မှတရတဲ့ နောင်တတွေရသွားပြီ။ ပုံပြင်ကနားထောင် ပြီးရခဲ့တဲ့ အသိဉာဏ်ဗဟုသုတတွေကို ပွဲကြည့်စင်ပေါ်ကနေ ပြေးဆင်းသွားပြီး မောင်ယုန်လေးကို ပြောပြချင်လိုက်တာ။

 

ပရိသတ်တွေအားလုံးက ငြိမ်နေကြတယ်။ ဘာများပါလိမ့်။ ကိုယ်လည်းငြိမ်နေရတာပေါ့။ ဒါပေမဲ့ မနေနိုင်လို့ အနားက မဝက်မကို တိုးတိုးလေး မေးကြည့်လိုက်တော့ သူတို့ရဲ့ထုံးစံက ရှုံးတဲ့သူအတွက် နောက်ထပ်ပြိုင်ပွဲ ထပ်ပြိုင်ဖို့ဆန္ဒရှိရင် နှစ်ကြိမ်အထိခွင့်ပြုပေးတဲ့ ထုံးစံဥပဒေရှိသတဲ့။

 

အားနည်းတဲ့သူတွေကို သနားတတ်တာလည်း လူ့သဘာဝ

 

ဟော နောက်တစ်ခေါက် ထပ်ပြီးပြိုင်ကြဦးမယ်တဲ့။ နေရာယူကုန်ကြပြီ။ အပြေးသမားတွေကလည်း ပန်းစတဲ့နေရာက စည်းတားထားတဲ့နေရာမှာ။ ဒိုင်လူကြီးတွေကလည်း သူ့နေရာနဲ့သူ နေရာယူပြီးကြပြီ။ ထုံးစံအတိုင်းပေါ့။ အချက်ပေးပြီး ပြေးဆိုတဲ့ အသံက ပေါ်ထွက်လာမှတော့ နှစ်ဦးစလုံးက တာထွက်ကြပြီပေါ့။ ဒီတစ်ခါတော့ မောင်ယုန်က လမ်းတစ်ဝက်မှာ နားတာမျိုးကို မလုပ်တော့ဘဲ ပန်းတိုင်ကို ဆက်ပြေးသွားပြီ။ ကောင်းတာပေါ့၊ သူ့မှာ ပြေးတာနဲ့ပတ်သက်ပြီး အရည်အချင်းက ရင့်ကျက်တယ်၊ အတွေ့အကြုံကလည်း ပြည့်စုံပြီးသား၊ ပထမအခေါက်က ရှုံးတာက ပေါ့ဆတာတစ်ခုကြောင့် ရှုံးသွားတာဖြစ်မယ်။ ဒါတင်မက တစ်ဖက်သားကို အထင်သေးတတ်တာမျိုးလည်းပါတယ်နဲ့ တူတယ်။ ရှုံးတဲ့သူကို နိုင်စေချင်တာမျိုးကလည်း လူ့သဘာဝအစစ်ပဲလေ။ အားနည်းတဲ့သူတွေကို သနားတတ်တာလည်း လူ့သဘာဝပါပဲလေ။

 

အပြေးပြိုင်ပွဲမှာ အားနည်းတဲ့မောင်လိပ်ကိုသနားပြီး ပေးနိုင်ချင်စိတ်တော့ ဖြစ်မိတာပေါ့။ ဒါကြောင့်လည်း မောင်လိပ်ကို ကြည့်လိုက်တော့ တလိမ့်လိမ့်နဲ့ဆိုသလို တဖြည်းဖြည်းနဲ့ ဆက်ပြေးနေတာကို တွေ့ရတော့ ဝမ်းသာကြည်နူးမိတာပေါ့။ မောင်ယုန်ကို ကြည့်လိုက်တော့ ပန်းတိုင်အနားတောင်နီးနေပြီ၊ မောင်ယုန်အတွက်တော့ သုံး၊ လေးခုန်စာလောက်ပဲ လိုတော့တာပေါ့။ ဟော နှစ်ခုန်စာ၊ ဟော တစ်ခုန်စာပဲ လိုတော့တယ်။

 

အခုတော့ မောင်လိပ်ဆီကို စိတ်ပြန်ရောက်သွားတယ်၊ မျက်စိလည်း ရောက်သွားတယ်။ မောင်လိပ်ကတော့ သူ့ထုံးစံအတိုင်း တဖြည်းဖြည်းပဲပေါ့။ ပွဲပြီးသွားပြီနဲ့ တူပါတယ်။ မောင်ယုန်က ပန်းတိုင်ကို တစ်ခုန်စာလောက်ပဲ ကျန်တော့တာပဲကိုး၊ အခုလောက်ဆိုရင် ပန်းဝင်သွားပြီပေါ့။

 

ဒါပေမဲ့ ပန်းဝင်လို့ အားပေးတဲ့ပရိသတ်တွေရဲ့ အသံကိုတော့ မကြားမိသေးပါဘူး။ ပန်းတိုင်ကို လှမ်းကြည့်လိုက်တော့ မောင်မင်းကြီးသားက စိတ်ချလက်ချနဲ့ အိပ်ပျော်နေတာကိုး။ မောင်လိပ်ကတော့ “တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့” ဆိုသလိုပဲ တစ်လှမ်းချင်း တစ်လှမ်းချင်းနဲ့ ပြေးလာနေတာပဲပေါ့။ ဟော မောင်လိပ်က ကိုရွှေယုန် အိပ်ပျော် နေတဲ့နေရာကို ရောက်နေပြီ၊ မောင်ယုန်က မနိုးသေးဘူး။ အူယားလိုက်တာ၊ အိပ်ရာကနေ နိုးထပြီး ပန်းဝင်လိုက်ပါတော့လား၊ ပြေးသွားပြီး အော်နှိုးလိုက်ချင်တာ၊ ဘယ်လိုများလုပ်ရပါ့မလဲ။ ဟော ဟော ဒါနဲ့ပဲ မောင်မောင်လိပ်က ပန်းတိုင်ကိုဝင်သွားပြီ။

 

ဒီတစ်ခေါက်လည်း မောင်ယုန်ပဲရှုံးရပြန်ပြီ။ ကိုယ်တိုင်က ပျင်းနေတာလား၊ အနားရောက်လာမယ့် မောင်လိပ်ကို ပန်းဝင်ခါနီး စချင်နောက်ချင် လှောင်ပြောင်ချင်တာလား၊ ဒီအကျင့်မျိုးကို မဖျောက်နိုင်သေးလို့ အပြေးပြိုင်ပွဲမှာ ရှုံးသွားတာလား။ ကိုယ်ကတော့ နိုင်နိုင်ပါလျက် ရှုံးရတာကို ဘေးကနေ အားမလိုအားမရ ဖြစ်နေလိုက်ရတာ၊ သူကတော့ အေးဆေးပဲ။ ဟောကြည့်ပါဦး။ နောက်တစ်ခေါက် ထပ်ပြိုင်ဦးမလို့တဲ့၊ သူ့ရတဲ့ အခွင့်အရေးကိုတော့ ရအောင်ယူတတ်သားပဲ။

 

ဒီတစ်ခေါက်ပြိုင်ပွဲကိုတော့ ကြည့်လက်စနဲ့မို့သာ ကြည့်နေရတာ၊ အားပေးချင်စိတ်လည်း မရှိဘူး၊ ကြည့်ချင်စိတ်လည်း မရှိတော့ဘူး။ ဒိုင်လူကြီးတွေက သူ့နေရာနဲ့သူ နေရာယူပြီးနေကြပြီ။ ပြိုင်ပွဲကစတော့ မှာ၊ ကိုရွှေယုန်ကတော့ မျက်နှာလည်းမပျက်ဘူး၊ ရှက်လည်းမရှက်ဘူး၊ ဒါပေမဲ့ ပရိသတ်တွေက ထပ်ရှုံးမှာပဲ၊ မရှက်ဘူးလား၊ ပြိုင်မနေနဲ့၊ ထွက်သွားဆိုပြီး အော်နေကြတာ၊ ပွက်လောကို ညံနေတာပဲ။ ဒါပေမဲ့ သူကတော့ မရှက်ပေါင်၊ ခပ်တည်တည်နဲ့ ပရိသတ်ကို မျက်နှာပြောင် တိုက်နေသလိုပဲ။

 

သူတို့ စပြေးကုန်ပြီ၊ ထုံးစံအတိုင်းပေါ့၊ ကိုရွှေယုန်ကတော့ တာစတာနဲ့တစ်ပြိုင်နက် လှစ်ခနဲဆို ပြေးသွားပြီးပေါ့။ ကိုရွှေလိပ်ကတော့ ထုံးစံအတိုင်း ပုံမှန်ပါပဲ။ စိတ်မဝင်စားလို့ မကြည့်ချင်ပေမယ့်  မြင်နေရတယ်လေ၊ မောင်ယုန်နဲ့ မောင်လိပ်က ရှေ့နောက်အဝေးကြီးကွာနေပြီ။

 

ဟော ကိုရွှေယုန်က ပန်းတိုင်နားနီးသွားပြီ၊ ဟော ပန်းတိုင်ကို ခုန်ဝင်လိုက်ပြီ၊ ပန်းတိုင်ကိုရောက်သွားပြီ၊ ပန်းဝင်သွားပြီ။ ပြိုင်ပွဲတစ်ကွင်းလုံး အားပေးသံလက်ခုပ်သံတွေနဲ့ သောသောကိုညံနေတာပဲ။ စိတ်မပါဘဲ ကြည့်နေရင်းနဲ့ ဘယ်လိုအော်ပြီး ဘယ်လိုလက်ခုပ်တီးနေမိမှန်းတောင် မသိတော့ဘူး၊ ဘယ်လက်ဖဝါးနဲ့ ညာလက်ဖဝါးတွေ နာလာတော့မှရပ်လိုက်ရတယ်။ ဒါတောင် ဆက်ပြီးတီးချင်နေတုန်းပဲ။

 

ဒီလောက်အထိဖြစ်သွားတာက မောင်လိပ်ကို မချစ်၊ မောင်ယုန်ကို ပိုချစ်လို့လား၊ မဟုတ်ပါဘူး။ ဒါဖြင့်ရင် ထပ်ကာထပ်ကာ ရှုံးနေတဲ့သူကို နိုင်စေချင်လို့လား၊ ဒါတော့လည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အရည်အချင်းစွမ်းရည်သတ္တိတွေ အပြည့်ရှိပါလျက် အသုံးမပြုသူတွေကို အားမလို အားမရဖြစ်နေရာကနေ အပြည့်အဝအသုံးချတာကို တွေ့လိုက်ရတော့ ကျေနပ်မိတာဖြစ်မယ်။

 

ဟော၊ အခမ်းအနားမှူးက ကြေညာနေပြီ။ ရှုံးနိမ့်သူ မောင်မောင် လိပ်က နောက်တစ်ပွဲထပ်ပြိုင်ဖို့ တောင်းဆိုနေပြီတဲ့။ ဒီအတိုင်းသာဆိုရင် မောင်လိပ်ရှုံးပြီး မောင်ယုန်ပဲ နိုင်ဦးမှာပါပဲ။ ဒီပြိုင်ပွဲကို ထပ်ကြည့်နေလည်း မထူးပါဘူး၊ အဖြေက မစခင်ကတည်းက သိပြီးသားကြီးဖြစ်နေပြီ။

 

ပရိသတ်တွေက လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေကြပြီ၊ ရုတ်ရုတ် သဲသဲတော့ မဟုတ်ဘူး။ ဘာကြောင့် ဘာတွေများ ဖြစ်နေကြပါလိမ့်။ ကြေညာသံကြားလိုက်ရပြီ။ အရှုံးသမား မောင်လိပ်က နောက်ထပ်အပြေးတစ်ပွဲ ပြိုင်ပါမယ်။ ဒါပေမဲ့ “အပြေးပြိုင်ကွင်း ပြောင်းပေးပါ” တဲ့၊ “ဒါကြောင့် အပြေးပြိုင်ကွင်း အသစ်ဆီကို ပရိသတ်ကြီးက လိုက်ပါအားပေးကြဖို့ မေတ္တာရပ်ခံပါတယ်”တဲ့။
စိတ်ဝင်စားသွားပြီ၊ ပြိုင်ကွင်းအသစ်ကိုလည်း စိတ်ဝင်စားတယ်၊ “ပြိုင်ကွင်းအသစ် ပြောင်းမယ်” ဆိုတဲ့ မောင်မောင်လိပ်ရဲ့ စိတ်ကူးကိုလည်း စိတ်ဝင်စားတယ်။ ဟုတ်တယ်လေ၊ ကိုယ်ရှုံးခဲ့ဖူးတဲ့နေရာ၊ ကိုယ်ရှုံးနိုင်တဲ့ နေရာမျိုးကို ရှောင်သင့်တာပေါ့၊ ကိုယ့်အတွက် အနိုင်ရမယ့် နေရာမျိုးကို ပြောင်းရွှေ့သင့်တာပေါ့၊ အသိဉာဏ်ရှိသူတွေက “ဒီနေရာနဲ့ သင့်တော်တယ်၊ မသင့်တော်ဘူး” ဆိုတာမျိုးလောက်တော့ သိကြတာပေါ့။

 

ဘယ်နေရာမှာများ အားကစားကွင်းအသစ်ရှိသေးပါလိမ့်။ ပရိသတ်တွေအားလုံးကလည်း နေရာသစ်ကို စိတ်ဝင်စားနေကြတယ်။ အခမ်းအနားမှူးက အစီအစဉ်အသစ်ကို အတိအကျကြေညာလိုက်တော့မှ ပရိသတ်တွေက အဖွဲ့လိုက်၊ အဖွဲ့လိုက် ကိုယ့်အုပ်စုနဲ့ကိုယ် ပင်လယ်ဘက်ဆီကို ဦးတည်ပြီးသွားနေကြတယ်။ တချို့ကလည်း ပင်လယ်ကမ်းခြေဘက်ကို ကွေ့ပတ်ဆင်းသွားကြတယ်၊ တချို့ကလည်း ပင်လယ်အနားက ချောက်ကမ်းပါးအမြင့်ကြီးတွေဘက်ကို တက်သွားကြတယ်။

 

ပြိုင်ပွဲရဲ့ တာစလွှတ်မယ့်နေရာက ချောက်ကမ်းပါးအမြင့်ကြီးရဲ့ ထိပ်၊ ပင်လယ်ဘက်မျက်နှာမူပြီး သုံးပေခန့်အကွာမှာ စည်းတားထားသတဲ့။ ပန်းဝင်မယ့်နေရာက ပင်လယ်ရေစပ်မှာ တိုင်ထူထားသတဲ့။ အံ့ပါလေရော။ ပြိုင်ကွင်းအသစ်ကို ရွေးချယ်ခွင့်ပေးတဲ့ သူတို့ဥပဒေရဲ့ ယဉ်ကျေးမှုကိုရော၊ ရွေးချယ်တဲ့သူကိုရော၊ အံ့ဩလိုက်တာ။

 

အပြေးပြိုင်ပွဲကို ထုံးစံအတိုင်း စီစဉ်လို့ပြီးပြီ။ ပြေးဆိုတဲ့အချက်ပေးသံနဲ့အတူ မောင်လိပ်က ကမ်းပါးထိပ်ဘက်ကို တဖြည်းဖြည်း တိုးသွားပြီး အဖျားနားရောက်တဲ့အခါ သူရဲ့ဦးခေါင်းနဲ့ လက်တွေ၊ ခြေတွေကို ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်ပြီး ပေသုံးရာကျော်မက မြင့်တဲ့ ချောက်ကမ်းပါးအပေါ်ကနေ ပင်လယ်ရေစပ်မြေပြင်အထိ ခန္ဓာကိုယ်ကြီးကို လှိမ့်ချလိုက်တာပေါ့။ စဉ်းစားသာ ကြည့်လိုက်ကြပါတော့။ အသိဉာဏ်ရှိတာလား၊ လူရည်လည်တာလား၊ မပြောတတ်ပေမယ့် မောင်လိပ်ကတော့ ပန်းတိုင်ကိုချက်ချင်းဆိုသလို ရောက်သွားတာပေါ့။

 

မောင်ယုန်ကို ကြည့်လိုက်ပါဦး။ ပြေးဖို့အချက်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ပြေးဖို့နေနေသာသာ ပြေးလမ်းကို အရင်ရှာနေရတယ်။ မောင်လိပ်ပြေးသလို လိုက်ပြေးလို့ကလည်း မဖြစ်၊ ခုန်ချလို့ကလည်း မရ၊ တက်လာတဲ့လမ်းအတိုင်း သွက်သွက်ပြန်ဆင်းပြီး ပန်းတိုင်ပင်လယ်ဘက်ကို ပြန်လှည့်ပြေးရတော့တာပေါ့။ သူရောက်သွားတဲ့ အချိန်မှာတော့ မောင်လိပ်ကပန်းဝင်ပြီးလို့ အိပ်ချင်ရင်တောင် တစ်ရေးအိပ်လို့ ဝနေလောက်တယ်။

 

ပြိုင်ပွဲက လေးကြိမ်ပြီးသွားပြီ။ မောင်လိပ်က သုံးကြိမ်နိုင်တယ်၊ မောင်ယုန်က တစ်ကြိမ်နိုင်တယ်။ ဒီလိုဆိုတော့ အပြေးပြိုင်ပွဲက မောင်လိပ်ကိုပဲ အောင်မြင်သူဆုပေးပွဲ ကျင်းပရမှာပေါ့။ တာဝန်ရှိသူတွေက ဆုပေးပွဲကျင်းပဖို့ ပြင်ဆင်တော့မယ်နဲ့တူတယ်၊ လှုပ်လှုပ်လှုပ်လှုပ်နဲ့ ရွေ့ရွေ့ ရွေ့ရွေ့နဲ့ လှုပ်ရှားသွားလာနေကြပြီ။

 

အပြေးပြိုင်ပွဲကို နောက်ထပ်တစ်ပွဲထပ်ပြီးပြိုင်

 

ဒါပေမဲ့ လုပ်ပုံကိုင်ပုံတွေကို ကြည့်ရတာ အဲဒီလိုပုံစံမျိုးတော့ မဟုတ်လောက်ဘူး၊ တစ်ခုခုတော့ ကွာခြားနေတယ်။ ပြိုင်ပွဲတာဝန်ရှိသူတွေ ခေါင်းချင်းရိုက် တိုင်ပင်နေရာကနေ အခမ်းအနားမှူးရဲ့ ကြေညာသံက ပီပီသသကြီး ထွက်ပေါ်လာတယ်။ “အပြေးပြိုင်ပွဲကို နောက်ထပ်တစ်ပွဲထပ်ပြီးပြိုင်ပါဦးမယ်။ ပြေးကွင်းပန်းတိုင်အစက ပင်လယ်ကမ်းစပ်ဖြစ်ပြီးတော့ ပန်းဝင်ရမယ့် နေရာကတော့ အနီးဆုံးဖြစ်တဲ့ ရေလယ်ကျွန်း”တဲ့။

 

“ဘယ်သူက ထပ်ပြိုင်ဖို့ တောင်းဆိုတာလဲ၊ မောင်ယုန်ပဲ ထပ်ရှုံးမှာပေါ့၊ ဘယ်လိုလုပ်ပြီး ပင်လယ်ရေထဲဆင်းပြီး ရေကူးနိုင်မှာလဲ၊ မောင်လိပ်က ထပ်ပြီးမတောင်းဆိုသင့်ဘူး၊ သူကနိုင်ပြီးသားပဲ၊ မောင်ယုန်ကို သက်သက်အရှက်ခွဲတာလား၊ တာဝန်ရှိသူတွေက ထပ်ပြီးခွင့်မပြုသင့်ဘူး၊ လာဘ်ပေးလာဘ်ယူ လုပ်ထားလို့နေမှာပေါ့” စတဲ့ ဝေဖန်သံ အပြစ်တင်သံ ဆရာကြီးလုပ်သံတွေက ပွက်လောကိုရိုက်နေတော့တာပေါ့။

 

“ဪ၊ ပရိသတ်အများစုဆိုတာ ဒီလိုပါပဲလေ”။

“ဘယ်နေရာ၊ ဘယ်အသိုင်းအဝိုင်း၊ ဘယ်အစုအဖွဲ့မှာပဲဖြစ်ဖြစ် ကိုယ့်အထင်နဲ့ ကိုယ်က မှန်တယ်ထင်ပြီး ပြောကြ၊ ဆိုကြ၊ လုပ်ကိုင်ကြသူတွေက ဘယ်လောက်တောင်များ များနေကြပါလိမ့်”။ “နိုင်ပြီးသား မောင်လိပ်ကသာ ပြိုင်ပွဲကိုထပ်ပြိုင်ဖို့ တကယ်တောင်းဆိုတယ်ဆိုရင် အကြောင်းထူးတစ်ခုခုတော့ ရှိကိုရှိရမယ်၊ ပါးစပ်မဟဘဲ အသာစောင့်ကြည့်တာ အကောင်းဆုံးပဲ”။

 

“ဟုတ်တော့ ဟုတ်ပါတယ်လေ၊ ပြိုင်ပွဲက မဖြစ်သင့်တဲ့ ပုံစံကြီး”။

“ကြည့်ပါဦး၊ ပင်လယ်ကမ်းစပ်မှာ မောင်ယုန်နဲ့ မောင်လိပ်က ပြေးဖို့ရန် အဆင်သင့်ရပ်နေကြပြီ၊ ပန်းတိုင်က အနီးဆုံးဖြစ်တဲ့ “ရေလယ်ကျွန်း”ဆိုတော့ မောင်ယုန်ရဲ့ မျက်နှာကို ကြည့်လိုက်ပါဦး”၊ “သူ့မျက်နှာထက်စာရင် မန်ကျည်းရွက်ကမှ ကြီးဦးမယ်”။
“ပြေး”ဆိုတော့လည်း ပြေးကြပြီပေါ့၊ မောင်လိပ်က ရေထဲကို ချက်ချင်းဆိုသလို ဆင်းသွားပြီး ရေထဲဆက်ငုပ်သွားတယ်၊ မောင်ယုန်ကတော့ မျက်နှာငယ်လေးနဲ့ ငေးကြည့်နေရုံမှတစ်ပါး အခြားလုပ်စရာ မရှိတော့ဘူးပေါ့။ ရေထဲဆင်းပြီး ရေငုပ်သွားတဲ့ လိပ်ကတော့ အရိပ်အယောင်တောင် မမြင်ရတော့ဘူး။

 

တစ်မိနစ် နှစ်မိနစ် သုံးမိနစ် တဖြည်းဖြည်းနဲ့ တစ်ဆယ့်ငါးမိနစ် လောက်ကြာသွားပြီ၊ မောင်ရွှေလိပ်ကတော့ ကျွန်းဘက်ကိုဘယ်လောက်တောင်များ ခရီးပေါက်သွားပြီလဲလို့ ကြည့်နေကြတဲ့ ပရိသတ်တွေကလည်းရှိကြသလို ပြိုင်ပွဲကိုစိတ်မဝင်စားကြတဲ့ မျက်နှာမျိုးတွေနဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။ အချိန်က ဆယ့်ငါးမိနစ်လောက်တောင်ကြာသွားပြီ။ မောင်လိပ်က စူဠလိပ် ရေထဲချလိုက်သလို ပြန်ကို မပေါ်လာတော့ဘူး၊ ကြည့်နေရသူတွေကတော့ မျှော်တော်ဇောနဲ့ မောနေရတာပေါ့။
“ဟော၊ မောင်လိပ်တစ်ယောက် ရေပေါ်ကိုပေါ်လာပြီ၊ ပေါ်လာပြန် တော့လည်း ဟိုး… ကျွန်းဘက်နားနီးတဲ့ ပေလေးငါးရာလောက် ရောက်သွားပြီလို့ အများကထင်နေကြတာ၊ ပေါ်မယ့်ပေါ်လာတော့လည်း ကမ်းစပ်မှာပဲ ပြန်ပေါ်လာတယ်။ ဘာတွေများလုပ်ဦးမလို့ ပါလိမ့်”။

 

ရေပေါ်ကို ပေါ်လာတဲ့ မောင်လိပ်က “ဟေ့ မောင်ယုန်၊ ဘာကြည့်နေတာလဲ၊ လာငါ့ကျောပေါ်တက်၊ ငါတို့နှစ်ယောက် ရေလယ်ကျွန်းကို အတူတူသွားကြမယ်လေ” တဲ့။

 

အဲဒီလို ပြောတော့မှ မောင်ရွှေယုန်က ကိုရွှေလိပ်ရဲ့ ကျောကုန်းပေါ်ကို ပြုံးနေတဲ့မျက်နှာနဲ့ ခုန်တက်ပြီး ထိုင်လိုက်သွားလိုက်တာပေါ့။

 

ပရိသတ်ထောင်ပေါင်းများစွာက မြင်ရတဲ့ မြင်ကွင်းကိုကြည့်ပြီး မှင်တက်မိနေကြတယ်၊ အံ့ဩနေကြတယ်၊ ကြည်နူးနေကြတယ်၊ ဝမ်းသာနေကြတယ်။ အဲဒီအချိန်မှာ ဒီလောက်များပြားတဲ့ ပရိသတ်တွေရဲ့ တိတ်ဆိတ်မှုဟာ အပ်ကျသံကိုတောင် ကြားရနိုင်တဲ့အခြေအနေအထိ ဖြစ်သွားတယ်။ တစ်ခဏမျှသာပါပဲ။

 

ပြီးတော့ ပရိသတ်အားလုံးရဲ့ ပါးစပ်မဖွင့်ဘဲ လက်ခုပ်တီးသံတွေ သက်သက်က ဘဝဂ်အထက်ထိ လျှံတက်သွားကြတယ်။ လက်ခုပ်သံတွေထဲမှာ တစ်ဦးအပေါ်တစ်ဦးက အနိုင်ရလို့ အားပေးကြတဲ့အသံမျိုးတွေ တစ်ပျောက်တစ်မှုန် တစ်စက်ကလေးမျှ မပါပါဘူး။

 

ဒါပေမဲ့ ပရိသတ်တွေရဲ့ ရင်ဘတ်နဲ့တီးတဲ့လက်ခုပ်သံတွေက ဘဝဂ်လျှံရုံမျှမက စကြဝဠာတိုင်သည်အထိ ကျယ်လောင်စွာမြည်ဟိန်းသွားကြတယ်။ ဒီပရိသတ်လက်ခုပ်သံတွေဟာ မောင်လိပ်နဲ့ မောင်ယုန်တို့ “ရေလယ်ကျွန်း” ဆီကိုရောက်ပြီး မြင်ကွင်းထဲမှ ပျောက်သွားကြသော်လည်း အသံမတိတ် အသံမဆိတ် ဟိန်းမြည်လျက်ပါပဲ။

 

ရေလယ်ကျွန်းပေါ်ကို ရောက်သွားတဲ့အခါ မောင်လိပ်က အိမ်ရှင်ဖြစ်နေတော့ ဧည့်သည်ဖြစ်တဲ့ မောင်ယုန်ကို တစ်ကျွန်းလုံးလှည့်ပြတော့တာပေါ့။ မောင်ယုန်မမြင်ဖူး၊ မတွေ့ဖူးတဲ့ ကျောက်ဆောင်၊ ကျောက်ပန်း၊ ကျောက်ခက်တွေရှိရာ ရှုခင်းတွေဆီကို အေးချမ်းကြောင်းသာယာကြောင်းတွေ တဖွဖွပြောပြရင်း ရှေ့ကနေဦးဆောင်ပြီး ခေါ်သွားတာပေါ့။ တော်တော်ကြာတဲ့အထိ အင်းမလုပ်၊ အဲမလုပ်ဘဲ အသံတိတ်နဲ့ လိုက်နေတဲ့ မောင်ယုန်ကို မော့ကြည့်ပြီး “ဟဲ့ မောင်ယုန်၊ ဘယ်လိုဖြစ်နေတာလဲ၊ ဒီလောက်သာယာလှပတဲ့ရှုခင်းတွေကို ပြပေးနေတာတောင် ဘာအသံမှ မထွက်ပါလား၊ ဘာတွေကို စဉ်းစားနေတာလဲ”လို့ မေးရတဲ့အထိ ဖြစ်လာတယ်။

 

ဟုတ်တယ်လေ၊ ဒီလိုရှုခင်းမျိုးတွေက ကြုံတောင့်ကြုံခဲ့တွေပေါ့၊ ဒီလိုနေရာမျိုးကလည်း တစ်သက်နဲ့တစ်ကိုယ်ရောက်ဖို့ကလည်း မလွယ်ဘူးလေ။
“အစ်ကိုကြီးလိပ်၊ ဒီလို ရှားရှားပါးပါး ရှုခင်းတွေကို လိုက်ပြပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ဒီရှုခင်းတွေကို စိတ်မဝင်စားနိုင်ပါဘူး၊ ဒါ့ထက် စိတ်ဝင်စားစရာရှိနေလို့ပါ”။

“မင်းက ဘာတွေကိုများ စိတ်ဝင်စားနေတာလဲ”။

“ကျွန်တော်စိတ်ဝင်စားတာက အစ်ကိုကြီးရဲ့ စိတ်၊ အခုလို ကျောကုန်းပေါ်ကိုတင်ပြီး ကျွန်တော့်ကို ဘာလို့ခေါ်လာခဲ့တာလဲ၊ အစ်ကိုကြီးက တစ်ယောက်တည်း ရေကူးလာပြီး အနိုင်ယူလို့ရပါလျက်နဲ့ ဘာလို့များ ကျွန်တော့်ကို ကျောကုန်းပေါ်ကို တင်ခေါ်လာရတာလဲ၊ အဲဒီလိုတင်ခေါ်လာတဲ့ အစ်ကိုကြီးရဲ့စိတ်ကို သိအောင်လို့ ကြည့်ချင်နေတာ၊ စိတ်ဝင်စားနေတာ”။

“ဪ၊ ဒီလိုလား၊ အဲဒီလို ငါ့စိတ်ကို သိချင် မြင်ချင်ရင် မင်းစိတ်ကို ကြည့်လိုက်ပေါ့”။

“ဗျာ”

“ဒီမယ် မောင်ယုန်၊ ငါ့ကိုများမသိဘူးလို့ ထင်နေသလား၊ မင်းနဲငါ ပထမအခေါက် စပြိုင်ကတည်းက မင်းကလမ်းတစ်ဝက်မှာ အိပ်မောကျနေတယ်၊ ငါက ဆက်ပြေးတော့ ငါနိုင်တယ်၊ မင်းရှုံးတယ်၊ ဒါကပရိသတ်အမြင်၊ အများအမြင်”။

“ဒါပေမဲ့ မင်းနဲ့ ငါပဲသိတာကို ပရိသတ်တွေကတော့ ဘယ်သိမလဲ၊ ဘယ်မြင်မလဲ၊ လမ်းတစ်ဝက်မှာ ငါက မင်းကိုဖြတ်လာတော့ မင်းက မျက်လုံးလေးတစ်ဖက်နဲ့ ဖွင့်ကြည့်လိုက်တာကို ငါမမြင်ဘူးလို့ထင်လို့လား”။

“ဪ၊ ကျွန်တော် မအိပ်တာကို အစ်ကိုကြီးက သိတယ်ပေါ့၊ ဟုတ်သလား”။

“နောက်တစ်ခေါက် ပြိုင်ပြန်တော့လည်း မင်းကပန်းတိုင်အနားမှာ အိပ်မောကျနေတာလေ၊ ဒါကပရိသတ်တွေရဲ့ အထင်တွေ အမြင်တွေပါလေ ။ သူတို့က မင်း မျက်စိဖွင့်ကြည့်တာကို ဘယ်သိမလဲ၊ မင်းကို ငပျင်းလို့ ထင်နေကြတာကိုး၊ ငါသိတယ်၊ ငါကဘယ်လောက်အထိ သိသလဲဆိုရင် အဲဒီပြိုင်ပွဲနှစ်ခေါက်လုံးဟာ ငါနိုင်တာမဟုတ်ဘူး။ မင်းကနိုင်တာ။ မင်းက နှစ်ခေါက်စလုံးကို နိုင်တာ”။

“မင်းပဲ စဉ်းစားကြည့်လေ၊ မင်းလို အပြေးချန်ပီယံနဲ့ ငါနဲ့က ပြိုင်ဘက်မှ မဟုတ်တာ၊ တတိယ အခေါက်ကသာ ပုံမှန်ပြိုင်ပွဲ၊ ပုံမှန် အနိုင်အရှုံး။ ဘယ်သူမှ ငြင်းမရဘူးလေ။ အဲဒီလို အရှုံးမျိုးကို ငါကလည်း လက်ခံတယ်၊ ပရိသတ်တွေကလည်း လက်ခံကြတယ်လေ”။

“ဪ”

“ဒါကြောင့် ငါပြောတာပေါ့၊ ငါ့စိတ်ကိုမြင်ချင်ရင် မင်းက ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်လိုက်ပေါ့”လို့။

“ကျေးဇူးပါအစ်ကိုကြီး၊ ကျွန်တော်လည်း အစ်ကိုကြီးရဲ့စိတ်ဓာတ်ကောင်းမျိုးလိုကိုပဲ မွေးမြူပါတော့မယ်”။

“ကျေးဇူးအထူးတင်ပါတယ် ညီလေးရာ၊ အစ်ကိုကြီးလည်း ညီလေးရဲ့ စိတ်ဓာတ်ကောင်းမျိုးလိုကိုပဲ မွေးမြူပါတော့မယ်”။
သူတို့နှစ်ယောက်ရောက်နေတဲ့ ကျွန်းရဲ့နာမည်က “ညီညွတ်ရေးကျွန်း”လို့ ခေါ်ပါသတဲ့။ ။