နေပြည်တော် ဒီဇင်ဘာ ၁၁

 

အာဆီယံ အပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅)အရ ငလျင်ဘေးသင့် ပြည်သူများအတွက် ထပ်မံလှူဒါန်းသည့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် ၃၀၀၀၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၂၇၅ တန်နှင့် ပုံမှန်လှူဒါန်းခြင်း အစီအစဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် ၂၀၀၀၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၃၇၅ တန်တို့နှင့် စပ်လျဉ်းသည့် သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement -MoA) လေးစောင်ကို ယနေ့လက်မှတ်ရေးထိုးသည်။

 

အဆိုပါ သဘောတူညီမှု စာချွန်လွှာများကို နေပြည်တော်ရှိ ရုံးအမှတ်(၁၅) ၌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesorn တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လက်မှတ်ရေးထိုးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများလည်း  တက်ရောက်ကြသည်။

 

ဖြန့်ဝေပေး

ငလျင်ကြီးအပြီး (APTERR) အစီအစဉ်-၃ အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၃၀၀၀ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ တို့ကို ဘေးသင့်ဒေသပြည်သူများထံ ဖြန့်ဝေပေးခဲ့ပြီးဖြစ်သည်။

 

ယခု ကိုရီးယားသမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် ဆန်တန်ချိန် ၃၀၀၀ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် ဆန် ၂၇၅ တန်တို့ကို ငလျင်ဘေးသင့် ပြည်သူများထံ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး (APTERR) အစီအစဉ်-၃ ၏ ပုံမှန်အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၂၀၀၀ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန် ၃၇၅ တန် တို့ကို သဘာဝဘေးကြုံတွေ့လာရပါက ဖြန့်ဝေလှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်