နေပြည်တော် ၂၆ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာထုတ်လုပ် ရောင်းဝယ်သူများအသင်း၊ မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ နှစ်ပတ်လည်အစည်းအဝေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သီရိအဏ္ဏဝါခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ငါးမွေးမြူရေးလုပ်ငန်း အပါအဝင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် တင်ပြလာမှုများအပေါ် နိုင်ငံတော်အကျိုး၊ ပြည်သူလူထု၏ အကျိုးကို ရှေးရှု၍ နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးစွမ်းအားကို တစ်ဖက်တစ်လမ်းမှ မထိခိုက်ရေးကို သတိပြုပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံ၏ ဒုတိယစားနပ်ရိက္ခာဖြစ်သော အသားအဟာရပြည့်ဝဖူလုံရေး၊ ငါးပုဇွန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးတို့အတွက် ဝန်ကြီးဌာနမှ နည်းပညာနှင့်လိုအပ်ချက် အကူအညီမှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းလျက်ရှိရာ သက်ဆိုင်သူများက ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲ၌ ငါးမွေးမြူတောင်သူကြီးများ အကျိုးရှိရန် ငါးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ကောင်းမွန်သော ငါးမွေးမြူရေးကျင့်စဉ်၊ အစာအာဟာရဆိုင်ရာ သိကောင်းစရာများ၊ ငါးရောဂါများ၊ ပြည်တွင်း/ပြည်ပ ငါးဈေးကွက်အခြေအနေများ၊ ငါးခြောက်လုပ်ငန်းများ၏ ဈေးကွက်အခြေအနေများကို ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ပညာရှင်များနှင့် လုပ်ငန်းရှင်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
မြန်မာနိုင်ငံတွင် ငါးမွေးမြူကန် ဧရိယာသည် ၁၉၈၈ ခုနှစ်မတိုင်မီ စုစုပေါင်းဧက ၆၃၀ဝ ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၌ ငါးမွေးမြူရေးဆိုင်ရာဥပဒေ ပေါ်ထွန်းလာသဖြင့် ငါးမွေးမြူကန်ဧရိယာ ဧကပေါင်း ၄၉၀၄၇ ဧကအထိ တိုးတက်လာကာ ၂၀၁၈ - ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ငါးမွေးမြူကန် ၂၄၇၇၈၉ ဒသမ ၇၄ ဧက၊ ဂဏန်းမွေးကန် ၂၀၅၇ ဒသမ ၄၈ ဧက အပါအဝင် ပုစွန်မွေးကန် ၂၄၄၄၃၈ ဒသမ ဝ၆ ဧက စုစုပေါင်း ငါး/ပုစွန်/ဂဏန်း မွေးမြူရေးကန် ၄၉၄၂၈၅ ဒသမ ၂၈ ဧကအထိ တိုးတက်လာကြောင်း၊ ငါး/ပုစွန် မွေးမြူရေးကန်များ အခြားနည်းအသုံးပြုခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေရိုင်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ငါးမွေးမြူသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာများ သဟဇာဖြစ်မည့် EIA, SIA စံများကို သတိပြုလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


