ငါန်းဇွန် ၂၆ ဖေဖော်ဝါရီ


မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းအတွက် စောင့်ကြည့်ကြီးကြပ်ရေး မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဒေါ်အေးမြင့်သူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးမြတ်သူနှင့် တာဝန်ရှိသူ နှစ်ဦးက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း လုပ်ငန်းခွဲများကို စောင့်ကြည့်ကြီးကြပ်နိုင်မည့် အချက်များ၊ တာဝန်ခံမှု ကျင့်ဝတ်စောင့်ထိန်းမှု အားကောင်းရေး နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၇ ရက်ထိ ဖွင့်လှစ်သင်ကြားပြီး မြို့နယ်လူထု ဗဟိုပြုစီမံကိန်းအတွက် ခန့်အပ်ထားသည့် လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မင်းမြင့်မိုရ်(ငါန်းဇွန်)