ခေတ္တမန္တူ စက်တင်ဘာ ၁၃

 

နီပေါဝန်ကြီးချုပ်ဟောင်း ရှာမာအိုလီ ရာထူးမှနုတ်ထွက်ပြီးနောက် အသက် ၇၃ နှစ်အရွယ် တရားသူကြီးချုပ်ဟောင်း ဆူရှီလာကာကီအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း သမ္မတရုံးက ကြေညာခဲ့သည်။

 

အဂတိလိုက်စားမှု ဆန့်ကျင်ရေးကို အလေးပေးဆောင်ရွက်မှုကြောင့် ပြည်သူများ၏ လေးစားမှုကို ရရှိထားသော တရားသူကြီးချုပ်ဟောင်း ဆူရှီလာကာကီက နီပေါနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာသည်။

 

နီပေါဝန်ကြီးချုပ်ဟောင်း ရှာမာအိုလီရာထူးမှ နုတ်ထွက်ပြီးနောက် စက်တင်ဘာ ၁၁ ရက်တွင် အစိုးရသစ်ခန့်အပ်ရန် အာဏာပိုင်များနှင့် လူငယ်ခေါင်းဆောင်များအကြား ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

 

၂၀၁၆ ခုနှစ်တွင် တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့သော ဆူရှီလာကာကီအား ၎င်း၏ အကျင့်ပျက် ခြစားမှု ဆန့်ကျင်ရေး ဆောင်ရွက်ချက်များကြောင့် လူငယ်များအကြား ရေပန်းစားသည့်အတွက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

 

အသစ်ခန့်အပ်ထားသော ကြားဖြတ်အစိုးရသည် လာမည့်နှစ်မတ်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားပြီး လွှတ်တော်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

 

ဆူရှီလာကာကီကိုက အစိုးရသစ်မတက်မချင်း တိုင်းပြည်၏ အချုပ်အခြာအာဏာကို စောင့်ရှောက်ရမည်ဖြစ်သည်။

 

နိုင်ငံရေးသမားများ၏ အကျင့်ပျက်ခြစားမှုကို အဆုံးသတ်ရန်နှင့် နိုင်ငံ၏ ကြွယ်ဝမှုကွာဟခြင်း ပြဿနာကို ဖြေရှင်းသည့် မူဝါဒများချမှတ်ရန် လူငယ်ဆန္ဒပြသူများက တောင်းဆိုခဲ့ကြောင်း သိရသည်။

 

အစိုးရက ဆိုရှယ်မီဒီယာပလက်ဖောင်းအများအပြားကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ နှစ်ရက်အတွင်း လူငယ်များက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒပြမှုများအတွင်း ၅၁ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်