အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှ ဒီဇင်ဘာ ၂၈ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ဂျီးရီးယားနှင့် တူနီးရှားအသင်းပွဲစဉ်တွင် နိုင်ဂျီးရီးယားအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
နိုင်ဂျီးရီးယားအသင်းသည် အုပ်စု(ဂ)တွင် နှစ်ပွဲကစားပြီး နှစ်ပွဲနိုင် ရမှတ် ၆ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။ နိုင်ဂျီးရီးယားအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ယူဂန္ဓာအသင်းနှင့် ဒီဇင်ဘာ ၃၀ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
နိုင်ဂျီးရီးယားအသင်းသည် အာဖရိကနိုင်ငံများဖလား အုပ်စု(ဂ) တွင် တူနီးရှား၊ တန်ဇန်နီးယား၊ ယူဂန္ဓာအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။
အခြားပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ယူဂန္ဓာနှင့် တန်ဇန်နီးယားအသင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
အုပ်စု (စ)မှ ဂါဘွန်နှင့် မိုဇမ်ဘစ်အသင်းပွဲစဉ်ကို ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မိုဇမ်ဘစ်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
မိုးဇက်


