မောင်ဂျူလိုင်

“နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဟူသော ဆောင်ပုဒ်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် ၄ ရပ်တွင် တစ်ချက် အပါအဝင်ဖြစ်ပါသည်။

သို့ဖြစ်ရာ ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် တည်မီနေပြီး စိုက်/မွေး အခြေခံစက်မှု ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်နိုင်မှုအပေါ်တွင် မူတည်လျက်ရှိပါသည်။

စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဩဂုတ်လက မကွေးတိုင်းဒေသကြီးသို့ ရောက်ရှိခဲ့သည့် ခရီးစဉ်အတွင်း မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော တွေ့ဆုံပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် မကွေးတိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေကို လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုအနေဖြင့် လက်ရှိစပါးအထွက်နှုန်းများအရ ဆန်ဖူလုံမှုများ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရပြီး ဆက်လက်၍ တိုးတက်အောင်ဆောင်ရွက် သွားကြစေလိုကြောင်း၊ အလားတူ ဒေသအတွင်း စားရေးကို အထောက်အကူဖြစ်စေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ ဆိတ်၊ သိုး၊ နွားများကိုလည်း မွေးမြူဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိအောင် ဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာရရှိစေရေး ဧရာဝတီမြစ်အတွင်းမှ ရေများကို နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးချဆောင်ရွက်သွားရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

“ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန်”ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီ

ယနေ့အချိန်မှာတော့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်း ဝမ်းစာဖူလုံမှုရှိစေရန်အတွက် အလားအလာကောင်းဖြစ်သည့် “ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေး ဇုန်”ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။

ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန်သည် မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် ရှားပင်လှ ကျေးရွာအုပ်စု ကွင်းအမှတ်/ အမည် ၁၆၇၈/၂၆၂၁ ၌ တည်ရှိပါသည်။ စိုက်ပျိုးရေးဇုန်အဖြစ် ဆောင်ရွက်ရန် လျာထားသည့် မြေနေရာမှာ ရှားပင်လှကျေးရွာ အုပ်စုအတွင်း ၁၀ နှစ်ကျော်ကြာ သီးနှံစိုက်ပျိုးခြင်း မပြုဘဲ မြေလွတ်မြေရိုင်းပုံစံ ဖြစ်နေခြင်းဖြစ်ပါသည်။ ယင်းကို အကျိုးရှိသော မြေနေရာများအဖြစ် အသုံးချနိုင်ရန် အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရပါသည်။

ရွှေတင့်တူး စိုက်ပျိုးရေးဇုန်အတွက် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို စတင် ဆောင်ရွက်စဉ်ကတည်းက ရေရှည်အတွက်ရည်မှန်းပြီး တစ်ဆင့်ချင်း ဆောင်ရွက်ခဲ့ပါသည်။ စနစ်ကျ လယ်ယာမြေမဖော်ထုတ်မီ ကန္တာရပင်များကို ရှင်းလင်းခြင်းနှင့် မိုးတွင်းကာလတွင် ဓဝါးချောင်း၊ တာကျိုးချောင်းတို့မှ ချောင်းရေနှင့်အတူ သဲများပါလာခြင်းကို ကာကွယ်နိုင်ရန် တာပေါင်ဆင့်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ ဒုံပေါက်သည့် မြေအမျိုးအစားဖြစ်သည့်အတွက် မြေလွှာအတွင်း ခိုအောင်းနေသော ရေများကို စစ်ထုတ်နိုင်ရန် ရေနုတ်မြောင်းများကို ယင်းချောင်းအထိ တူးဖော်ဆောင်ရွက်ခဲ့ပါသည်။

စိုက်ပျိုးရေးဇုန်အတွင်း စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများကို ၁၂-၅-၂၀၂၅ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ် မိုးဦးရာသီမှာ မကွေးတိုင်းဒေသကြီးအတွင်း ဇွန်လမှစ၍ မိုးရွာသွန်းမှုများခဲ့ခြင်းကြောင့် လုပ်ငန်းများ ခေတ္တရပ်နားထားခဲ့ရကာ ၁၂-၁၁-၂၀၂၅ ရက်မှသာ ပြန်လည်စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုအခါ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်း၏ ပထမ အဆင့် ဧက ၁၅၀ ကို ၃၀-၁၂-၂၀၂၅ ရက်နေ့တွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး လယ်ယာမြေဧက ၈၀ ခန့်ကိုလည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရပါသည်။

စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းအားဖြင့် လယ်ကွက်များသည် စက်စွမ်းအားပြည့် အသုံးပြုနိုင်ရန် လုံလောက်သည့် အကျယ်အဝန်းရှိခြင်း၊ ညီညာပြန့်ပြူးခြင်း၊ ထောင့်မှန်စတုဂံပုံရှိပြီး အလျား အနံအချိုး (၃:၁)ဖြစ်ခြင်း၊ ကုန်ထုတ်လမ်း ပါရှိခြင်း၊ ရေသွင်းရေနုတ်မြောင်းပါရှိခြင်း၊ ကန်သင်းများ ကောင်းမွန်ခြင်း စသည့်အင်္ဂါရပ်များနှင့် ပြည့်စုံကာ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ခြင်း၊ သီးနှံအထွက်တိုးစေခြင်း၊ အလေအလွင့်နည်းပါးခြင်း စသည့်အချက်များကြောင့် သမားရိုးကျလယ်ယာမြေ၌ စိုက်ပျိုးသော သီးနှံများထက် အမြတ်အစွန်းပိုမို ရရှိစေမည်ဖြစ်ပါသည်။

သီးနှံစိုက်စွမ်းအား ၃၀၀ ရာခိုင်နှုန်းရရှိရေး လျာထားဆောင်ရွက်

ရွှေတင့်တူး စိုက်ပျိုးရေးဇုန်ဧရိယာ၏ မြေချဉ်ငန်ကိန်း (Soil pH)မှာ ၈.၁၃ မှ ၉.၉၀ အတွင်း ဖြစ်၍ အနည်းငယ်ငန်ပါသည်။ မြေဆီလွှာ မြေသားအနုအကြမ်း (Soil Texture)မှာ သဲသမ(Sandy Loam)၊ သမ (Loam)နှင့် သဲမြေစေးသမ(Sandy ClayLoam) အမျိုးအစားဖြစ်သည်။ မြေအမျိုးအစားအရ စပါးသီးနှံ၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံများ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်ကို တွေ့ရသည်။ ရွှေတင့်တူး စိုက်ပျိုးရေးဇုန်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါးအဖြစ် အောင်နိုင်တိုး စပါးမျိုး ၁၈ ဒသမ ၂၅ ဧက စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းနေသည်ကို တွေ့ရမည်ဖြစ်ပြီး သီးထပ် စွမ်းအားတိုးတက်လာစေရေးအတွက် တစ်နှစ်လျှင် သုံးသီးရအောင် စိုက်ပျိုးကာ သီးနှံစိုက်စွမ်းအား ၃၀၀ ရာခိုင်နှုန်းရရှိရေး လျာထားဆောင်ရွက်လျက်ရှိပါသည်။

စိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်သည့် ဧရိယာ၏ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည်လည်း သီးနှံများစိုက်ပျိုးအောင်မြင်ရန် အရေးကြီးလှပါသည်။ ရွှေတင့်တူး စိုက်ပျိုးရေးဇုန်အတွင်း မြေပေါ်ရေ ဧရိယာအနေဖြင့် စိုက်ပျိုးဧရိယာနှင့် တစ်မိုင်ခန့်အကွာတွင် တစ်နှစ်ပတ်လုံး ရေအမြဲမပြတ်စီးဆင်းနေသည့် ယင်းချောင်းတည်ရှိသည်။ မြေအောက်ရေ ရရှိနိုင်မှုအနေဖြင့် ဘူမိမြေသဘာဝအရ စိုက်ပျိုးရေ ထုတ်ယူသုံးစွဲနိုင်သည့် နုန်းတင်မြေနုရေအောင်းလွှာဖြစ်သဖြင့် လိုအပ်သောစိုက်ပျိုးရေကို နည်းလမ်းနှစ်မျိုးဖြင့် ရယူသုံးစွဲနိုင်သည့်အခြေအနေရှိသည်။

နည်းလမ်း နှစ်မျိုးအနက် မြေပေါ်ရေ သုံးစွဲမည့် နည်းစနစ်အနေဖြင့် စိုက်ပျိုးမည့် ဧရိယာနှင့် ရေရယူ မည့် ယင်းချောင်းမှ ရေကို ဆိုလာရေတင်စနစ်ဖြင့် အမြင့်ပေ ၁၅ ပေအထိ စုပ်တင်ပြီး ယင်းချောင်းကမ်းပါးမှ ပေ ၁၅၀၀ အကွာကို ရေလှောင်ကန် တည်ဆောက်၍ သိုလှောင်ဆောင်ရွက်နိုင်သည်။ ထိုရေသိုလှောင်ကန်မှတစ်ဆင့် စိုက်ကွင်းဧရိယာအဆုံး အမြင့်ဆုံးနေရာအထိ ရေပေးမြောင်းမကြီး ပေ ၆၃၀၀ တည်ဆောက်ကာ ရေပေးမြောင်း မကြီးမှတစ်ဆင့် အဆင့်မြင့်လယ်ယာစနစ်ဖြင့် ဖော်ထုတ်ဆောင်ရွက်ထားသော ရေသွင်းမြောင်း များကို ရေပေးပြွန်များဖြင့် ချိတ်ဆက်၍ စိုက်ပျိုးရေ ပေးဝေသွားနိုင်အောင် ဆောင်ရွက်ထားပါသည်။

နည်းလမ်း ၂ ဖြစ်သည့် မြေအောက်ရေသုံးစွဲမည့် နည်းစနစ်အနေဖြင့် စိုက်ပျိုးမြေ ဧရိယာကို လေ့လာ သည့်အခါ ယင်းချောင်း၏ ဘူမိဗေဒပြောင်းလဲမှု ဖြစ်စဉ်အရ ပထမဆုံး ပို့သက်ချခဲ့သော ဧရိယာ (First Terrace)ရရှိပြီး စိုက်ပျိုးရေထုတ်ယူသုံးစွဲရန် ကောင်းမွန်သည့် နုန်းတင်မြေနု ရေအောင်းလွှာ အမျိုးအစားဖြစ်သည်ကို ဝမ်းမြောက်ဖွယ်ရာ စမ်းသပ်တွေ့ရှိရသည်။ ရေအရည်အသွေးအရ pH မှာ (7.8)၊ ဆားပျော်ရည် ပါဝင်မှု (EC) တန်ဖိုးမှာ (548 μs/cm)သာ ရှိသဖြင့် ရေသွင်းစိုက်ပျိုးရေအဖြစ် သုံးစွဲရန် ကောင်းမွန်ခြင်း၊ ရေထိပ်မှာလည်း ငါးပေအတွင်း ရှိသဖြင့် ကုန်ကျစရိတ် သက်သာစွာဖြင့် ဆောင်ရွက်ရရှိနိုင်သည့်အတွက် ၁၂ ဧကလျှင် ဆိုလာ မြေအောက်ရေတွင်း တစ်တွင်းနှုန်းဖြင့် လွယ်ကူစွာဆောင်ရွက်ရရှိနိုင်သည့် အခြေအနေကောင်းအပေါ် တည်ရှိနေသည်ကို တွေ့ရသည်။

မြေအောက်ရေမျှခြေဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်နိုင်

လက်ရှိဆောင်ရွက်ထားရှိမှုအနေဖြင့် စိုက်ပျိုးမွေးမြူရေးဇုန် ပထမအဆင့် ဧက ၁၅၀ အတွက် ဆိုလာရေတင် တည်ဆောက်ပါက တစ်ဧကကုန်ကျစရိတ် ကျပ် ၇ ဒသမ ၂ သန်းခန့် ကုန်ကျနိုင်ပြီး မြေအောက်ရေတွင်းစနစ်ဖြင့် ဆောင်ရွက်ပါက တစ်ဧကလျှင် ကျပ် ၂ ဒသမ ၃၅၅ သန်း ကုန်ကျမည်ဖြစ်ပါသည်။ ကုန်ကျစရိတ် သက်သာ၍ အချိန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် လက်ရှိတွင် ဆိုလာရေတွင်း ၁၃ တွင်း တူးဖော်ထားရှိသည်။ ဆိုလာရေတွင်းများ၏ ရေထိပ်မှာလည်း ငါးပေအတွင်းရှိသဖြင့် မြေအောက်ရေမျှခြေ ဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်နိုင်သည်ကိုလည်း တွေ့ရှိရပါသည်။

တစ်ဖက်တွင်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန် ဆောင်ရွက်မည့်မြေဧရိယာသည် ဓဝါးချောင်း၊ တာကျိုးချောင်းတို့ ဖြတ်သန်းစီးဆင်းနေသည့်အပြင် ရထားလမ်းအောက်ဘက် ရေထုတ်ပြွန်များမှ စီးဆင်းလာသည့် ရေကလည်း ဇုန်များအတွင်း စီးဝင်နေခြင်းကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူ ရေးဇုန် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် ဇုန်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ဓဝါးချောင်း နှင့် တာကျိုးချောင်းတို့ကို ရေလမ်းကြောင်းလွှဲပြီး တာပေါင်ဖို့ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားပါသည်။ ဇုန်အတွင်း ရေမဝင်ရောက်စေရန်အတွက် ချောင်းတူး ခြင်းနှင့် ပေါင်ဆင့်ခြင်းကိုလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ရွှေတင့်တူး စိုက်ပျိုးရေးဇုန်အတွင်း ယခုလို စနစ်ကျလယ်ဖော်ထုတ်ခြင်းကြောင့် ရေသွင်း၊ ရေထုတ်လိုသလို ဆောင်ရွက်နိုင်ခြင်း၊ စိုက်ပျိုးရေသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ စက်ကိရိယာ စက်စွမ်း အားပြည့် အသုံးပြုနိုင်ခြင်း၊ စိုက်ပျိုးရေကို လိုအပ်သလို ရယူသုံးစွဲနိုင်ခြင်းတို့ကြောင့် သီးနှံအထွက်တိုးရေးဆောင်ရွက်နိုင်ခြင်း၊ ကုန်ထုတ်လမ်းပါရှိခြင်းကြောင့် ရိတ်သိမ်းပြီး သီးနှံများ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင် သိုလှောင်နိုင်၍ ပျက်စီးလေလွင့်မှု နည်းပါးစေပြီး အရည်အသွေးကောင်း သီးနှံများ ရရှိနိုင်ခြင်း၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးပြီး သီးနှံစိုက် စွမ်းအား မြင့်မားစွာရရှိနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများရရှိလာမည် ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း ကျေးလက်နေပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် တစ်ပိုင်တစ်နိုင်မွေးမြူရေးမှ စီးပွားဖြစ် တိုးချဲ့မွေးမြူနိုင်ရေး၊ စီးပွားဖြစ် မွေးမြူ လာနိုင်မည်ဆိုပါက ဒေသတွင်း အသားစားသုံးမှု ဖူလုံမှုရှိသည့်အပြင် ပိုလျှံသည့် တိရစ္ဆာန်နှင့်တိရစ္ဆာန် ထွက်ပစ္စည်းများကို တင်ပို့ရောင်းချခြင်းဖြင့် ဝင်ငွေရရှိမှုအတွက်ပါ အရေးပါသောကဏ္ဍဖြစ်သဖြင့် မွေးမြူရေးနှင့် အသားထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မွေးမြူရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးအနေဖြင့် ဥစားသုံးမှု ဖူလုံရန် လိုအပ်လျက်ရှိသည့်အတွက် ဥစားကြက်များကို တစ်ပိုင်တစ်နိုင် အများဆုံးမွေးမြူသော အောင်လံ မြို့နယ်အတွင်း အောင်လံ-သမ္ဘူလ ကားလမ်းမ ဘေး၊ စမ်းကလေးကျေးရွာနှင့် ရေပေါ်ကျေးရွာအကြား ဘွက်ကြီး ရေပေါ်ကြိုးဝိုင်းအတွင်း တည်ရှိသည့် မြေဧရိယာ ၄၃ ဒသမ ၃၀ ဧကအနက်မှ ပထမအဆင့်အနေဖြင့် ၁၆ ဒသမ ၄၈ ဧက၌ ဥစား ကြက်မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်။

ကြက်ဥဖူလုံမှု တိုးတက်ရရှိလာမည်

ယခုအခါ မကွေးမြို့နယ် ရှားပင်လှကျေးရွာ အုပ်စုအတွင်းရှိ သမဝါယမအသင်းပိုင် ယာမြေ ၄၈ ဒသမ ၀၆ ဧကတွင် ဥစားကြက်မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အခြေခံ လိုအပ်ချက်ဖြစ်သည့် မြေပြင်ခြင်း၊ ရေ၊ မီး၊ ဝန်ထမ်း အိမ်ရာ၊ ရေနုတ်မြောင်းတူးခြင်းလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ မွေးမြူရေး ဇုန်အတွင်း အောင်မြန်မာသမအသင်းက ကြက်ကောင် ရေ ၃၀၀၀ ဆံ့ ကြက်ခြံ လေးခြံ၊ သမဝါယမအသင်းစုမှ ကြက်ခြံ နှစ်ခြံ မွေးမြူထားပြီး လက်ရှိမှာ ကြက်ဥ ကိုးသိန်းကျော် ထုတ်လုပ်ရရှိနေပြီဟု သိရပါသည်။ စတင်ထည့်သွင်းမွေးမြူသည့် အချိန်မှစပြီး ယခု ဘဏ္ဍာရေးနှစ်အတွင်း မတ်လကုန်အထိ ကြက်ဥ ၃၉ သိန်းနီးပါး တိုးတက်လာနိုင်မည်ဖြစ်၍ ဒေသ တွင်းစားသုံးရန် လိုအပ်မှုအပေါ် ဖူလုံမှု သုည ဒသမ ၄၅ ရာခိုင်နှုန်း ပိုမိုဖြည့်ဆည်းပေးနိုင်ကာ တိုင်းဒေသ ကြီးအတွင်း ကြက်ဥဖူလုံမှု ၄၆ ဒသမ ၄၃ ရာခိုင်နှုန်း အထိ တိုးတက်ရရှိလာမည်ဖြစ်သည်။

ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရွှေတင့်တူး ဥစားကြက်မွေးမြူရေးဇုန်အတွင်း ကြက်ခြံ ၂၇ ခြံကို ထပ်မံတိုးချဲ့မွေးမြူသွားမည်ဖြစ်၍ ကြက်ကောင်ရေ ၉၁၀၀၀ ပိုမိုတိုးတက်မွေးမြူနိုင်ပါသည်။ ထို့အတွက် တစ်နှစ်လျှင် ကြက်ဥသိန်း ၂၁၀ ကျော် ထွက်ရှိမည် ဖြစ်ရာ ဒေသတွင်းစားသုံးရန် လိုအပ်မှုအပေါ် ၂ ဒသမ ၄၈ ရာခိုင်နှုန်း ပိုမိုဖူလုံလာနိုင်ပြီး တိုင်း ဒေသကြီးအတွင်း ကြက်ဥစားသုံးမှု ၄၈ ဒသမ ၉၁ ရာခိုင်နှုန်းအထိ တိုးတက်ရရှိလာနိုင်မည်ဖြစ်ပါသည်။

ရွှေတင့်တူး မွေးမြူရေးဇုန်သည် မကွေးတိုင်းဒေသကြီးအတွင်း ဒုတိယမြောက် မွေးမြူရေးဇုန် ဖြစ်သည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် မွေးမြူသူများအား မြေနေရာ သတ်သတ်မှတ်မှတ်ဖြင့် မွေးမြူနိုင်ရန် စီစဉ်ပေးခြင်း၊ ဥစားကြက် ထပ်မံတိုးချဲ့ မွေးမြူနိုင်ရန် လိုအပ် သည့် အရင်းအနှီးအတွက် တိုင်းဒေသကြီးနိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ချေး ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးထားသည့်အတွက် မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ အောင်မြင်အောင် မွေးမြူနိုင်မည်ဟု ယုံကြည်မိပါသည်။

မကွေးတိုင်းဒေသကြီးသည် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံဝါ အပါ အဝင် သီးနှံစုံစိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီး ဖြစ်ပါသည်။ တိုင်းဒေသကြီးအတွင်း သီးနှံစိုက် စွမ်းအား တိုးမြှင့်ရေးအတွက် သီးထပ်သီးညှပ်တိုးချဲ့ စိုက်ပျိုးရေးဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သီးနှံစုံစိုက်ဧက သိန်း ၆၀ ကျော် စိုက်ပျိုးခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နှံစား သီးနှံ စိုက်ဧက ၉၇၇၀၀၀ ကျော်၊ ပဲမျိုးစုံသီးနှံ ၁၅၉၆၀၀၀ ကျော်၊ ဆီထွက်သီးနှံ ၂၇၄၈၀၀၀ ကျော်၊ စက်မှုကုန်ကြမ်းသီးနှံ ၃၅၀၀၀၀ ကျော်၊ စားဖိုဆောင် သီးနှံ ၂၀၀၀၀၀ ကျော်၊ အခြားသီးနှံ ၆၂၅၀၀၀ ကျော် စုစုပေါင်း စိုက်ဧက ၆၅ သိန်းကျော် စိုက်ပျိုး နိုင်ခဲ့ပြီဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်ဖူလုံမှု ၈၁ ဒသမ ၉၉ ရာခိုင်နှုန်း၊ ဆီဖူလုံမှု ၄၁၆ ဒသမ ၄၈ ရာခိုင်နှုန်းရရှိ ခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆန်ဖူလုံမှု ၈၇ ဒသမ ၂၆ ရာခိုင်နှုန်း၊ ဆီဖူလုံမှု ၅၀၂ ဒသမ ၇၆ ရာခိုင်နှုန်းရရှိရေး ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးအနေဖြင့် ဆန်ဖူလုံမှုသည် ၈၀ ရာခိုင်နှုန်း ကျော်သာရှိပြီး ဝမ်းစာဖူလုံရေးအတွက် နောက်ထပ် ဆန်ဖူလုံမှု ၂၀ ရာခိုင်နှုန်းတိုးတက်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 မကွေးတိုင်းဒေသကြီးအတွင်း “ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန်” ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ဒေသတွင်း ဥစားကြက်နှင့် တိုင်းရင်းကြက် မွေးမြူ ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ စားရေ ရိက္ခာအတွက် ဖူလုံမှုရှိလာမည့်အပြင် ပိုလျှံသည်များကိုလည်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့ရောင်းချလာနိုင်သည့်အဆင့်အထိ ရောက်ရှိလာနိုင်မည်ဖြစ်ပါသည်။ စိုက်ပျိုးရေးဇုန်တွင်လည်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိအောင် သီးထပ်သီးညှပ် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီကာ စိုက်ပျိုးရေး တောင်သူများအနေဖြင့် ဝင်ငွေတိုးတက်ရရှိပြီး နိုင်ငံ့ စီးပွားဖွံ့ဖြိုးရေးအတွက် အကျိုးအမြတ်များ ရရှိစေ မည်ဖြစ်ပါသည်။

သို့ဖြစ်၍ မကွေးမြို့၌ ဖွင့်လှစ်လိုက်သော ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန်သည် ဒေသ အတွက်သာမက နိုင်ငံအတွက်ပါ အရေးပါသောကြောင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ တော့မည်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။