နိုင်ငံခြားသားကျွမ်းကျင်လုပ်သားတွေ အများအပြား ခေါ်ယူသွားမယ့် ဂျပန်နိုင်ငံ

ထွန်းကျော်

ဂျပန်အစိုးရဟာ မတ် ၂၉ ရက်က ဝန်ကြီးအဖွဲ့အစည်းအဝေးတစ်ခုမှာ နောက်ထပ်အလုပ်အကိုင် နယ်ပယ်လေးခု အသစ်တိုးခေါ်ယူသွားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ ကျွမ်းကျင်လုပ်သားတွေကို နေထိုင်ခွင့်ပေးဖို့နဲ့ ၂၀၂၈ ဘဏ္ဍာနှစ်အထိ နိုင်ငံခြားအလုပ်သမား ၈၂၀၀၀၀ ခေါ်ယူသွားမယ်လို့ လည်း ပါဝင်ပါတယ်။

လတ်တလော နိုင်ငံခြားကျွမ်းကျင် အလုပ်သမားခေါ်တဲ့ အစီအစဉ်မှာ သူနာပြု၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍ ၁၂ ခုပါပြီး အသစ်တိုးခေါ်ယူ သွားမယ့် အလုပ်အကိုင်နယ်ပယ်လေးခု ကတော့ ပို့ဆောင်ရေး၊ ရထား၊ သစ်တောထိန်းသိမ်းရေးနဲ့ သစ်လုပ်ငန်း ကဏ္ဍတွေပဲဖြစ်ပါတယ်။

 

ဂျပန်စကားတတ်မြောက်မှုက လိုအပ်ချက်တစ်ခုဖြစ်

 

ဘတ်စ်ကားနဲ့တက္ကစီကားမောင်းသူတွေ၊ လက်မှတ်ရောင်းသူတွေ ဒီအစီအစဉ်အတွက် လျှောက်ထားနိုင်ပါတယ်။ ဆက်သွယ်ပြောဆိုမှုနဲ့ လုံခြုံမှုထိန်းသိမ်းရေး ကျွမ်းကျင်မှုတွေလည်း ပါဝင်တဲ့အတွက် ဘာသာစကားမှာတော့ အဆင့်မြင့် ဂျပန်စကားတတ်မြောက်မှုက ဒီအလုပ်အတွက် လိုအပ်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ နည်းပါးလာတဲ့ (လျော့နည်းလာတဲ့) လူဦးရေကြောင့် ဂျပန်နိုင်ငံကို ဝင်ရောက်ဖို့ လူဝင်မှု ကြီးကြပ်ရေး တင်းကျပ်မှုလည်း လျှော့ပေါ့လာပါတယ်။ အသစ်ထပ်မံ ခေါ်ယူသွားမယ့် အလုပ်အကိုင် နယ်ပယ်လေးခုကတော့ နိုင်ငံခြားကျွမ်းကျင်အလုပ်သမားတွေကို စောင့်မျှော်နေပြီပဲ ဖြစ်ပါတယ်။ သို့သော် လည်း စိန်ခေါ်မှုတွေတော့ ဆက်လက်ရှိ နေဆဲပါ။

ပြည်ပလုပ်သား အများဆုံးခေါ်ယူနိုင်တဲ့ အရေအတွက်ကိုလည်း ဂျပန်အစိုးရက လုပ်ငန်းအလိုက် ကန့်သတ်ပေးခဲ့တဲ့အတွက် ပြည်တွင်းအလုပ်သမား ဈေးကွက်ကိုလည်း ထိခိုက်မှုရှိမှာ မဟုတ်ပါဘူး။ ဂျပန်မှာ အလုပ်သမား ရှားပါးမှု ဆိုးဆိုးရွားရွား ဖြစ်လာတဲ့အတွက် ဂျပန်အစိုးရဟာ ပြည်ပ အလုပ်သမားခေါ်ယူမှုကို ၂၀၁၉ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံခြားသား အလုပ်သမား ၂ ဒသမ ၀၅ သန်းကျော်ရှိ

 

၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ဂျပန်နိုင်ငံကို အလုပ်သမားအစီအစဉ်အနေနဲ့လာနေတဲ့ နိုင်ငံခြားသား အလုပ်သမား ၂ ဒသမ ၀၅ သန်းကျော်ရှိပါတယ်။ အဲဒီအစီအစဉ်အရ ပထမအမျိုးအစား တချို့ကျွမ်းကျင် လုပ်သားတွေကို ငါးနှစ်အထိ အလုပ်လုပ်ခွင့်ပြုပြီး ဒုတိယ အမျိုးအစားဖြစ်တဲ့ ပိုပြီးကျွမ်းကျင်တဲ့ အလုပ်သမားတွေကိုတော့ မိသားစုနဲ့အတူ အမြဲတမ်းအလုပ်လုပ်ခွင့်ပေးထားပါတယ်။

ဂျပန်အစိုးရဟာ ဘိုးဘွားစောင့်ရှောက်ရေးမှသည် ဆောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ အစားအသောက် ဝန်ဆောင်မှု စတဲ့အလုပ် အကိုင်နယ်ပယ် ၁၂ ခုကိုတော့ အတည်ပြု ပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ကျွမ်းကျင်လုပ်သား အစီအစဉ်ကို ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့သော်လည်း ပြဿနာတချို့နဲ့ ရင်ဆိုင်နေရပါတယ်။ အဓိကအားဖြင့် လစ်ဘရယ်ဒီမိုကရက် တစ်ပါတီ ရှေးရိုးစွဲပါတီအဖွဲ့ဝင်တွေက ကန့်ကွက်မှုတွေရှိနေဆဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို သက်ရောက်မှုရှိပြီး အလုပ်အတွက် ယှဉ်ပြိုင်မှုတွေကို ဖြစ်ပေါ်စေနိုင် သလို ဂျပန်နိုင်ငံကိုလည်း ထိခိုက်စေနိုင်တယ်လို့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ငြင်းခုံမှုတွေ ဖြစ်ခဲ့ကြပါတယ်။

အတိုက်အခံ ပါတီတွေကတော့ အစိုးရက မြန်မြန်ဆန်ဆန်ပဲ ရှေ့ဆက်နေတယ်လို့ ပြောပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် အစိုးရက လက်ခံမယ့် အလုပ်သမားအရေအတွက်အပေါ် ကန့်သတ်ချက်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက် မရှိလို့ပဲဖြစ်တယ်လို့ ပြောပါတယ်။ ထို့အတူ ဂျပန်နိုင်ငံကို ရောက်လာမယ့် နိုင်ငံခြားအလုပ်သမားတွေကို ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်သွားမလဲဆိုတဲ့ တိကျတဲ့ အသေးစိတ် အစီအစဉ်လည်း မရှိဘူးလို့ ပြောပါတယ်။

 

နိုင်ငံခြားအလုပ်သမားတွေ လျော့နည်းသွားမှာ စိုးရိမ်

 

မစ်ဆူဘီရှီ ယူအက်ဖ်ဂျေ သုတေသန နဲ့ အတိုင်ပင်ခံကုမ္ပဏီရဲ့ စာရင်းဇယား တွေက ၂၀၂၃ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေဟာ အဓိကအားဖြင့် နိုင်ငံခြားအလုပ်သမားတွေကို ၂၀၁၃ ခုနှစ်ထက် ပိုမိုမှီခိုနေရတယ်လို့ ဖော်ပြခဲ့ ပါတယ်။ ဂျပန်နိုင်ငံမှာ အလုပ်အကိုင် ပြတ်လပ်မှုတွေရှိနေတယ်ဆိုတာ လူတွေပိုပိုသိလာကြပါပြီ။ လစ်ဘရယ်ဒီမိုကရက် တစ်ပါတီအဖွဲ့ဝင် တစ်ဦးကတော့ နိုင်ငံခြားအလုပ်သမားတွေ လျော့နည်းသွားမှာ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်လမှာ ဂျပန်အစိုးရဟာ အလုပ်သမားခေါ်ယူရေး အစီအစဉ် နံပါတ် (၂) အတွက် အလုပ်အကိုင် နယ်ပယ် ၁၁ ခုအထိ တိုးချဲ့ပေးခဲ့ပါတယ်။ ဆိုလိုတာကတော့ နိုင်ငံခြားသားအလုပ် သမားတွေလည်း ဂျပန်နိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အလုပ်အကိုင်နယ်ပယ် သစ်လေးခုကလည်း ဒီလမ်းကြောင်း အတိုင်း ဒီပုံစံအတိုင်းပဲ ဖြစ်ပါတယ်။

 

ယာဉ်မောင်းလိုင်စင်ရနိုင်ဖို့ တစ်နှစ်နေခွင့်ပေး

 

သို့သော်လည်း ခရီးသည်ပို့ဆောင်ရေးမှာ လုပ်ဖို့ဆိုရင် အဆင့် ၂ ကားမောင်း လိုင်စင်လိုအပ်ပြီး ပထမဆုံးအကြိမ် ဘတ်စ်ကားနဲ့ တက္ကစီမောင်းချင်နေသူတွေအတွက် ဥပဒေဆိုင်ရာ သင်တန်းအစီအစဉ်ကိုပါ ပြီးဆုံးအောင် တက်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီအစီအစဉ်နဲ့ ဂျပန်လာမယ့် နိုင်ငံခြားသားတွေ ယာဉ်မောင်းလိုင်စင်ရနိုင်ဖို့ တစ်နှစ် နေခွင့်ပေးမှာ ဖြစ်ပါတယ်။ ဂျပန်မှာ ကုန်ကားမောင်းသူတွေ အချိန်ပိုမဆင်းဖို့ တင်းကျပ်တဲ့ စည်းကမ်းတွေ ဧပြီလမှာ စတင်အသက်ဝင်လာမှာ ဖြစ်တဲ့အတွက် ကားမောင်းသူတွေ ပိုပိုပြီးရှားပါးလာမှာ ဖြစ်ပါတယ်။

ကြိုတင် စီစဉ်ထားတဲ့အတိုင်း နောက်ငါးနှစ်အတွင်းမှာ နိုင်ငံခြား အလုပ်သမား တစ်သန်းနီးပါး ထပ်ပြီး လက်ခံသွားမယ်လို့ ဂျပန်အစိုးရကပြောပါတယ်။ သို့သော်လည်း ဂျပန်စက်မှုလုပ်ငန်းတွေက ပိုပြီး အကျိုးဖြစ်ထွန်းလာခြင်းနဲ့ ဂျပန်ပြည်သူတွေအတွက် အလုပ်အကိုင်တွေကို ကာကွယ်ပေးဖို့ လိုအပ်တာကြောင့် အလုပ်သမားခေါ်ယူ မယ့်အစီအစဉ်မှာ နိုင်ငံခြားလုပ်သား ၈၂၀၀၀၀ ထက်တော့ ပိုခေါ်ယူမှာ မဟုတ်ပါဘူး။

 

ငါးနှစ်အတွင်း အလုပ်သမား ၂၀၀၀၀၀ ကျော် အလုပ်အကိုင်ရရှိ

 

လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ နိုင်ငံခြား သားအလုပ်သမား ၂၀၀၀၀၀ ကျော် ကျွမ်းကျင်လုပ်သားတွေအဖြစ် အလုပ် အကိုင်တွေ ရရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီအလုပ်သမားတွေဟာ ကျွမ်းကျင်နေပြီးသားတွေ ဖြစ်တဲ့ အတွက် ဘာသင်တန်းမှ ထပ်ပေး စရာ မလိုတော့တဲ့အတွက် ဖြစ်ပါတယ်။

သူတို့တွေဟာ စက်မှုလုပ်ငန်းတွေအတွက် တကယ့်ကို အရေးကြီးပါတယ်။ ထို့အတူ အခုလည်း လွန်ခဲ့တဲ့ ငါးနှစ်နဲ့ မတူဘဲ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်တွေက နိုင်ငံခြားသား အလုပ်သမားတွေ လာမယ့်အရေးကို မကန့်ကွက်သင့်ဘူးလို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေအတွက် အလုပ်အကိုင် လိုအပ်ချက် တွေ မြင့်တက်လာမှုနဲ့အတူ ပြည်သူ လူထုနဲ့ ပုဂ္ဂလိက ကဏ္ဍတွေကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်က ဂျပန်နိုင်ငံမှာ အလုပ်လုပ်ရတာ ဘယ်လို ကောင်းတယ်ဆိုတဲ့အကြောင်း သိစေလိမ့်မယ်လို့ လူဝင်မှုကြီးကြပ်ရေး အေဂျင်စီရဲ့အရာရှိ တစ်ဦးကပြောပါတယ်။

ကိုးကား - အင်န်အိတ်ချ်ကေ