တိုကျို မတ် ၁
ဂျပန်နိုင်ငံတွင် မတ် ၁ ရက်၌ နိုင်ငံခြားသားများအတွက် ပြည်ဝင်ခွင့် ကန့်သတ်ချက်များ ဖြေလျှော့မပေးမီ ကျောင်းများနှင့် ကုမ္ပဏီများတွင် နိုင်ငံခြားသားများကို လက်ခံနိုင်ရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ဝင်ရောက်ခွင့်ပြုရန် စီစဉ်ထား
အိုမီခရွန် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန်အတွက် နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ကို ပိတ်ပင်ထားခဲ့သည်။ ဂျပန်အစိုးရသည် နေ့စဉ် နိုင်ငံခြားသား ၅၀၀၀ နီးပါး နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန်အတွက် စီစဉ်ထားသည်။ လက်ရှိတွင် တစ်နေ့လျှင် နိုင်ငံခြားသား ဝင်ရောက်ခွင့်ကို ၃၅၀၀ သာ ခွင့်ပြု ပေးထားသည်။
လျှောက်လွှာလက်ခံလျက်ရှိ
ဂျပန် အာဏာပိုင်များသည် ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်၍ ကောလိပ်များနှင့် ကုမ္ပဏီများမှ လက်ခံလိုသည့် နိုင်ငံခြားသားများအတွက် အွန်လိုင်းမှတစ်ဆင့်လျှောက်လွှာ လက်ခံလျက်ရှိသည်။
တိုကျိုမြို့ရှိ ဂျပန်စာသင် ကျောင်းတွင်မူ နိုင်ငံခြားသား ကျောင်းသား ၇၃၁ ဦးမှာ ဂျပန်နိုင်ငံသို့ ဝင်ရောက်ရန် အခက်ကြုံနေရကြောင်း၊ ၎င်းတို့မှာ ဂျပန်နိုင်ငံသို့ လာရောက်ရန် နှစ်နှစ်ကျော်ကြာ စောင့်ဆိုင်းနေရသည်ဟု အဆိုပါကျောင်းမှ ဝန်ထမ်းက ပြောသည်။
အင်န်အိတ်ချ်ကေ


