ဩဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အဓိက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့် အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေရေး အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်လာနိုင်မည်ဖြစ်သကဲ့သို့ ထိုးနှက်မှုများကိုလည်း လုပ်ဆောင် လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှု စသည်တို့ဖြင့် တစ်ဖက်လှည့်ထိုးနှက်မှုများ လုပ်ဆောင်လာနိုင်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့်အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်ကြောင်း" အသိပေးပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် စဉ်ဆက်မပြတ် ဖော်ထုတ်တားဆီးနှိမ်နင်းလျက်ရှိရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူလူထု ပူးပေါင်းကူညီမှဖြင့် နိုင်ငံအတွင်း သယ်ဆောင်ရောင်းဝယ် ဖောက်ကားနေသော ပြစ်မှုကျူးလွန်သူများနှင့်အတူ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို မကြာခဏ ဖော်ထုတ်ဖမ်းဆီးနိုင်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် ရှမ်းပြည်နယ်နှင့် နယ်စပ်ဒေသများသည် ပထဝီအနေအထားနှင့် နောက်ခံသမိုင်းကြောင်းများအရ မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုများရှိခဲ့ရာ နိုင်ငံတော်အစိုးရအဆက်ဆက်၌ စစ်ဆင်ရေးအမျိုးမျိုး စီမံချက်အမျိုးမျိုးဖြင့် တိုက်ဖျက်နှိမ်နင်းခဲ့သော်လည်း ယနေ့ထက်တိုင် အမြစ်မပြတ်နိုင်သေးသည်ကို တွေ့မြင်နိုင်သည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက အလေးထား တိုက်ဖျက်လျက် ရှိသကဲ့သို့ ယခုလက်ရှိအနေအထားထက်ပိုမို၍ ထိထိရောက်ရောက် တိုက်ဖျက်ဆောင်ရွက်သွားနိုင်ရန် နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြားထားသည်။ ယခုဩဂုတ်လ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ရခိုင်ပြည်နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့လည်းကောင်း၊ ရန်ကုန်မှတစ်ဆင့် မလေးရှားရေပိုင်နက်သို့လည်းကောင်း မူးယစ်ဆေးဝါးများ ပို့ဆောင်မည့် မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့ဝင်များနှင့်အတူ ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁၈၉၉ ကီလိုတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ငွေကျပ် ၄၈ ဘီလီယံကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တွင် ရန်ကုန်မြို့မှ ပြည်ပသို့ ရေကြောင်း လမ်းအသုံးပြု၍ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ အကြိမ်ကြိမ်ကျူးလွန် သယ်ဆောင်ခဲ့ကြသည့် ဂိုဏ်းအဖွဲ့ဝင်များကို ဖော်ထုတ် ဖမ်းဆီးရမိသည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း ရန်ကုန်မှတစ်ဆင့် ရေလမ်းကြောင်းအသုံးပြုပြီး မလေးရှား ပင်လယ်ရေပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၂၈၂ ဒသမ ၃၂၅ ဘီလီယံခန့်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများကို သယ်ဆောင်ရောင်းချသူ AA သောင်းကျန်းသူ အဖွဲ့ဝင်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းတို့ကို တွေ့ရှိခဲ့ရသည်။ မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့များအနေဖြင့် စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်မှ ရန်ကုန်နှင့်အခြားမြို့များတွင် ခေတ္တသိုလှောင်ပြီး ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်နှင့် မလေးရှားရေပြင် ပိုင်နက်သို့ ကုန်းလမ်းနှင့် ပင်လယ်ရေလမ်းကြောင်းတို့ကို အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြခြင်းဖြစ်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ထိထိရောက်ရောက် အရေးယူခြင်းခံရမည်ဖြစ်သလို ၎င်းတို့မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့်ပါ ထပ်မံအရေးယူ ဆောင်ရွက်ခြင်းခံရမည်ဖြစ်သည်။
သို့ဖြစ်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဖမ်းဆီးရမိမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုဖြစ်စဉ်အပါအဝင် နှစ်စဉ်လစဉ် အကြိမ်ကြိမ် ဖမ်းဆီးရမိသည့်ဖြစ်စဉ်များကို တွေ့ရသည်။ မူးယစ်ဆေးငါးများကို ထိုသို့မကြာခဏ ဖမ်းဆီးရမိနေသော်လည်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ဆက်လက်ရှိနေသည်ကို ဆန်းစစ်အဖြေရှာထုတ်ဖော်ပြီး ယခုထက်ပိုမိုဖော်ထုတ်၍ ဝိုင်းဝန်းကြိုးပမ်း ကြကာ နိုင်ငံအတွင်းနှင့် ဒေသတွင်းကို အန္တရာယ်ပြုနေသည့် မူးယစ်ဆေးဝါးဂိုဏ်းများအားလုံးကို အမြစ်ပြတ်သည်အထိ ဖော်ထုတ်ဖမ်းဆီးတိုက်ဖျက်သွားကြရမည် ဖြစ်ပါကြောင်း။
ကြေးမုံ


