နိုင်ငံ့ရထား ပြည်သူ့အား


ညီညီ(ရထား)
မြန်မာနိုင်ငံတွင် ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ ရန်ကုန်-ပြည်ရထားလမ်း စတင်ဖောက်လုပ်ပြေးဆွဲခြင်းနှင့်အတူ ရထားလုပ်ငန်းပေါ်ထွန်းခဲ့ပြီးယခု ဆိုလျှင် (၁၄၇) နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။သမိုင်းကြောင်း ရှည်လျားခဲ့သည့် ကာလအတွင်းရထားပြေးဆွဲခြင်းလုပ်ငန်းဖြင့် ပြည်သူတို့အားဝန်ဆောင်မှု ပေးလျက်ရှိသည့် ရင့်ကျက်နေပြီဖြစ်သော ဌာနကြီးတစ်ခု ဖြစ်သည်ဟုလည်း တင်စားလိုက်ရပါသည်။
မြန်မာနိုင်ငံ၏ ရထားပြေးဆွဲခြင်း လုပ်ငန်းသည်အရှေ့တောင်အာရှနိုင်ငံ များ၏ရထားပြေးဆွဲခြင်းများထက် သက်တမ်းအရင့်ဆုံးဖြစ်ကြောင်း သမိုင်းကသက်သေပြလျက်ရှိပါသည်။မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်းကို ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်းအစိုးရရထားလုပ်ငန်း (The Rangoon and Irrawaddy Valley State Railway) က ၁၈၇၇ခုနှစ် ကတည်းကစတင်ထူထောင်လုပ်ကိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ၁၈၉၆ ခုနှစ်တွင် BurmaRailway Company ကလည်းကောင်း၊ ၁၉၂၈ ခုနှစ်တွင် အိန္ဒိယ မီးရထားဘုတ်အဖွဲ့ (Indian Railway Board) လက်အောက်သို့ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ မီးရထားမင်းကြီး (ChiefRailway Commissioner) က အုပ်ချုပ်ခဲ့ကြောင်းနှင့်ဒုတိယကမ္ဘာစစ်ကြီး ကူးစက်လာချိန် ၁၉၄၂ ခုနှစ် မတ်လ ၁၈ ရက်နေ့မှစ၍ မီးရထားအုပ်ချုပ်ရေးလုပ်ငန်းများကို ဗြိတိသျှစစ်အာဏာပိုင် (British Governor) များထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့ ပြီးနောက်မီးရထားအုပ်ချုပ်ရေးအဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၅၁ ခုနှစ်တွင်ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ (Union of Burma Railway) အဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင်ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း (Burma Railway Corporation)အမည်ဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးက ဦးဆောင်၍ စီမံခန့်ခွဲရေးကော်မတီဖြင့် စီမံအုပ်ချုပ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရထား ပို့ဆောင်ရေးကော်ပိုရေးရှင်းအမည်အား မြန်မာ့မီးရထားဟုပြင်ဆင်ခေါ်ဝေါ်၍ ယနေ့တိုင်အမည်နာမတည်တံ့လျက် ရှိနေပါသည်။
ရထားလမ်း တိုးချဲ့ဖောက်လုပ်နိုင်ခဲ့မှုများအနေဖြင့် ရထားလုပ်ငန်းစတင်ခဲ့သည့် ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိရထားလမ်းခရီးမိုင် ၁၉၂၄ မိုင်ခန့်နှင့် ဘူတာရုံပေါင်း ၄၇၆ ခု တည်ရှိခဲ့ရာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ရထားလမ်းခရီးမိုင် ၅၄ မိုင်ခန့်နှင့် ဘူတာရုံ ၁၁ ခု တိုးတက်တည်ဆောက်နိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ ယနေ့ထိ ရထားလမ်းခရီးမိုင် ၁၈၂၂ မိုင် ခန့်နှင့်ဘူတာရုံ ၄၇၃ ခု ထပ်မံတိုးချဲ့ ဖောက်လုပ်တည်ဆောက်နိုင်ခဲ့သည့်အတွက် နိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်း ၃၈၀၀ ကျော်ခန့်နှင့် ဘူတာရုံပေါင်း ၉၆၀ ရှိနေပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။
မြန်မာ့မီးရထားအနေဖြင့် ဖြတ်သန်းခဲ့ရသည့် ၁၄၇ နှစ်ကြာ ခရီးရှည်တစ်လျှောက်တွင် ခေတ်၊ စနစ်များအမျိုး မျိုးအဖုံဖုံပြောင်းလဲခဲ့သော်လည်း မြန်မာ့မီးရထားသည် ပြည်သူ့အကျိုးအား တစိုက်မတ်မတ်ဖော်ဆောင်ထမ်းရွက်ခဲ့ပြီး ယနေ့ထိတိုင်ဆက်လက်ရပ်တည်လျက် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ပါသည်။ မြန်မာ့မီးရထား၏အဓိကလုပ်ငန်း တာဝန်မှာခရီးသည်နှင့်ကုန်စည်များကို လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ပေးခြင်းဖြင့် နိုင်ငံတော်၏ ဘက်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်ပင်ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် လူ၊ ပစ္စည်း၊ငွေကြေးစသောသယံဇာတများကို လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ အကျိုးရှိစွာဖြင့် အထိရောက်ဆုံးအသုံးချနိုင်ရေး၊ ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ယှဉ်ပြိုင်ရသောအခြေအနေတွင် စီးပွားရေးဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတစ်ဝန်း ရထားလမ်းကွန်ရက်တစ်လျှောက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်နိုင်မှုစွမ်းပကားမြှင့်တင်ရန်၊ လုံခြုံစိတ်ချစွာဖြင့် အချိန်တိုအတွင်း ခရီးသည်နှင့် ကုန်စည်အများအပြားကို လိုရာခရီးဆုံးအရောက် အထိရောက်ဆုံးသယ်ပို့နိုင်သည့် စွမ်းရည်မြင့်မားသောအဖွဲ့အစည်းဖြစ်လာစေရေးအတွက် ရည်မှန်းချက်တာဝန်များချမှတ်ထားရှိမှုနှင့်အတူ အဆိုပါရည်မှန်းချက် တာဝန်များအောင်မြင်စွာအကောင်အထည်ဖော် စွမ်းဆောင်နိုင်ရေးကိုလည်း ရထားဝန်ထမ်းအားလုံးကကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့အစွမ်းကုန်ကြိုးပမ်း ထမ်းဆောင်နေကြသည်ကိုလည်းမြင် တွေ့နေရပါသည်။
ပြည်သူလူထုကို ဝန်ဆောင်မှုပေးလျက်ရှိသော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည်နှင့်အညီ ခရီးသွား ပြည်သူများအပေါ် ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုပေးနိုင်ရေးနှင့် ပါဆယ်ပစ္စည်းနှင့် ကုန်စည်အမျိုးမျိုးကို ရထားလမ်းတစ်လျှောက်ဒေသအသီးသီးသို့ ဈေးနှုန်းချိုသာစွာဖြင့်ဆောလျင်စွာ သယ်ပို့ပေးနိုင်ရေးတို့သည် ပဓာနကျသည့်ရည်မှန်းချက်တာဝန်တစ်ရပ် ဖြစ်ကြောင်းကို မြန်မာ့မီးရထားဝန်ထမ်းအားလုံးက နှလုံးသွင်းခံယူထားရှိကြပြီး လည်းဖြစ်ပါသည်။
လက်ရှိမြန်မာ့မီးရထား၏ ဌာနများဖြန့်ခွဲဖွဲ့စည်းမှုအနေဖြင့်စစ်ဆေးရေး ဌာန၊ စီမံကိန်းနှင့် အုပ်ချုပ်ရေးဌာန၊ သွားလာပို့ဆောင်ရေးဌာန၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊မြို့ပြ အင်ဂျင်နီယာဌာန၊စီးပွားရေးဌာန၊ ဘဏ္ဍာရေးဌာန စသည့်ဌာနကြီးခုနစ်ခုအပြင် အထောက်အကူပြုဌာနခွဲများအနေဖြင့် အချက်ပြနှင့်ဆက်သွယ်ရေးဌာန၊ ထောက်ပံ့ဌာန၊ ဆေးဌာနများပါဝင်ဖွဲ့စည်းထားရှိပါသည်။ ရထားသွားလာမှုလုပ်ငန်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများအားဖြန့်ခွဲဆောင်ရွက်နိုင်ရန်အတွက် အထက်မြန်မာပြည် အုပ်ချုပ်ရေးဌာနနှင့် အောက်မြန်မာပြည် အုပ်ချုပ်ရေးဌာနတို့အား မန္တလေးနှင့် ရန်ကုန်တို့၌ထားရှိပြီး ရထားလမ်းတစ်လျှောက် တိုင်းနယ်မြေ ၁၁ ခု ခွဲခြား၍ တိုင်းတာဝန်ခံနှင့် တိုင်းအရာရှိများ ဖြန့်ခွဲတာဝန်ပေးအပ်ထားရှိပါသည်။ စက်ခေါင်းနှင့်တွဲများ ကြံ့ခိုင်ရေးအတွက် ပြုပြင်မွမ်းမံသည့် စက်ရုံကြီးများအနေဖြင့် အင်းစိန်စက်ခေါင်းစက်ရုံ၊ ရွာထောင်စက်ခေါင်းစက်ရုံနှင့် မြစ်ငယ်လူစီးတွဲနှင့် ကုန်တွဲပြင်စက်ရုံကြီးများတည်ရှိသည့် အပြင်နေပြည်တော်၌စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတစ်ခုကိုလည်း တည်ဆောက်လည်ပတ်နေပြီဖြစ်ပါသည်။ ရထားလမ်းပေါ်ပြေးဆွဲနေသည့် စက်ခေါင်းနှင့်တွဲများ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ကနဦး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်ခေါင်းပြင်ရုံများနှင့်တွဲပြင်ရုံများ ထားရှိပါသည်။မြို့ပြအင်ဂျင်နီယာ ဆိုင်ရာလုပ်ငန်းများကို အထောက်အကူပြုနိုင်ရေးအတွက် ဒေသအသီးသီးတွင် ကွန်ကရစ်ဇလီဖား ထုတ်လုပ်ရေးစက်ရုံများ ထူထောင်ထားရှိခြင်း၊ တံတားပေါင်အလုပ်ရုံ၊ စက်ယန္တရားပစ္စည်းများ ကြံ့ခိုင်မှုထိန်းသိမ်းခြင်းအလုပ်ရုံများကိုလည်း တည်ဆောက်ထားရှိပြီးဖြစ်ပါသည်။ ထို့အပြင် ရထားပေါ်နှင့် ဘူတာရုံများ၊ ရထားနယ်မြေများအတွင်း မှုခင်းကာကွယ် တားဆီးနှိမ်နင်းနိုင်ရေး အတွက်ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက် ရထားရဲတပ်ဖွဲ့တစ်ဖွဲ့ကိုလည်း တွဲဖက်ထားရှိပါသည်။
မြန်မာ့မီးရထား၏ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ခြင်း လုပ်ငန်းအနေဖြင့် ၂၀၂၃ ခုနှစ်ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ ခရီးသည်ဦးရေ ၇ ဒသမ ၈၀၁ သန်း၊ ခရီးသည်မိုင် ၅၄၁ ဒသမ ၃၄၂ သန်းနှင့် ခရီးသည်ဝင်ငွေကျပ်သန်းပေါင်း ၁၅၉၀၁ ဒသမ ၀၃၀ သန်း စွမ်းဆောင်နိုင်ခဲ့ပါသည်။ ကုန်စည်ပို့ဆောင်ရေးအနေဖြင့် ကုန်တန်ချိန် ၁ ဒသမ ၇၆၁ သန်း၊ ကုန်တန်မိုင် ၃၅၃ ဒသမ ၉၃၂ သန်းနှင့် ကုန်ဝင်ငွေ ၁၃၅၇၈ ဒသမ ၁၉၀ သန်း စွမ်းဆောင်နိုင်ခဲ့ပါသည်။ 
ရထားပြေးဆွဲမှုအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်နောက်ပိုင်းမှစ၍ လက်ရှိနေ့စဉ်လူစီးအမြန်ရထား ၁၂ စင်း၊ စာပို့ရထားရှစ်စင်း၊ လူစီး/ ကုန်တင်ရထား ခြောက်စင်း၊ ခရီးတိုရထား နှစ်စင်း၊ မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ၃၅ စင်း စုစုပေါင်း၆၃စင်း၊ ရိုးရိုးကုန်ရထား၊ ကုန်သေတ္တာရထား၊ ကျောက်ရထား၊ အင်ဂျင်နီယာရထား စုစုပေါင်း ၂၄ စင်း ပြေးဆွဲပေးလျက်ရှိနေပါသည်။ ထူးခြားမှု အနေဖြင့်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ တောင်ကြီး-ရွှေညောင် ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည့်အပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ၏ သဘာဝအလှအပများ အများပြည်သူကြည့်ရှုခံစားနိုင်စေရန်အတွက် စနေ၊ တနဂနွေအများပြည်သူရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များတွင် တောင်ကြီးဘူတာမှပေါမူဘူတာအထိ Sight-seeing ရထားကို စီစဉ် ပြေးဆွဲပေးလျက်ရှိပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဌာနအလိုက်လုပ်ငန်းများ ထူးခြားအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများတွင် စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာနအနေဖြင့် DEMU စက်ခေါင်းသုတေသန ပြုတည်ဆောက်ခြင်း၊ မြင်းကောင်ရေ ၁၂၀၀ ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ် သုံးခေါင်းတည်ဆောက်ထုတ်လုပ်ခြင်း၊ ရထားစက်ခေါင်းနှင့် တွဲများအတွက် လိုအပ်သောစက်အရန်ပစ္စည်းများကို စက်ခေါင်းစက်ရုံ (အင်းစိန်)၊ ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) နှင့် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) တို့၌ ထုတ်လုပ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တွဲများ ထုတ်လုပ်တည်ဆောက်မှုအနေဖြင့် ကုန်သေတ္တာတင်တွဲ ၁၀ တွဲ တည်ဆောက်နိုင်ခဲ့ပြီး တွဲချိတ်ဆက်ကိရိယာလဲလှယ်တပ်ဆင်မှုအနေဖြင့် တွဲချိတ်ဆက်ကိရိယာအမျိုးအစား ABC Coupler မှ AAR Coupler သို့ ၃၆ တွဲ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင်ပြေးဆွဲရန် စပိန်နိုင်ငံမှရောက်ရှိလာသော ခေတ်မီလူစီးရထားတွဲ DEMU ခြောက်တွဲပါ တွဲဆိုင်းသစ်အား ၂၀၂၄ ခုနှစ်မတ်လ ၂၅ ရက်နေ့တွင် စမ်းသပ်ပြေးဆွဲခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။
မြို့ပြ အင်ဂျင်နီယာဌာနအနေဖြင့်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအဆောက်အအုံ ၇၄ခု၊ ဝန်ထမ်းနေအိမ်အဆောက်အအုံငါးလုံး၊ တံတား ၁၇ စင်း တည်ဆောက်ပြီးစီးခဲ့ပါသည်။ ထို့အပြင် ပင်းပက်-နောင်ကားလမ်းခွဲ ၁၀ ဒသမ ၇၈ မိုင်ရထားလမ်းအသစ်ဖောက်လုပ်ခြင်း၊ တောင်ကြီး-ရွှေညောင်-သာစည်- မြင်းခြံရထား လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းအဆင့် (၁) ၏ ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၈၈ ဒသမ ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အပြီးသတ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။ 
မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့အပြားပြည်သူများ၏ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေး၊ ရထားလမ်းအခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာစေရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိသော်လည်းမသမာသူ၊ အကြမ်းဖက်သောင်းကျန်းသူများက နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့်တွဲများ၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များထိခိုက်ပျက်စီးစေရေး ပြည်သူအများရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင်ခြိမ်းခြောက်ခြင်း၊ ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများအချိန်ပိုမိုကြန့်ကြာစေရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အချိန်ထိ မြန်မာ့မီးရထား၏ ရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေ ဗုံးထောင်မိုင်းခွဲ ဖျက်ဆီးခြင်းအကြိမ် ၁၃၀၊ ရထားတံတားများ မိုင်းခွဲဖျက်ဆီးခြင်း ၅၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရသိရှိရပါသည်။ ထိုကဲ့သို့သော အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ခဲ့မှုများကြောင့် ရထားလမ်း/ တံတားများ ထိခိုက်ပျက်စီးခြင်း၊ စက်ခေါင်းနှင့် ရထားတွဲများလမ်းချော်တိမ်းမှောက်၍ ပျက်စီးဆုံးရှုံးရခြင်းနှင့်ရထားလမ်းပိုင်းပိတ်ဆို့မှုများ ကြုံတွေ့ခဲ့ရမှုများအပေါ် မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်းများက ဘေးအန္တရာယ်အခက်အခဲများကြားမှ အမြန်ဆုံးလမ်းပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး နေ့နေ့ညည တာဝန်ကျေပွန်စွာပြုပြင်မွမ်းမံခြင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြသည်ကိုလည်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
မြန်မာ့မီးရထား ဆေးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလအတွင်း ဝန်ထမ်းနှင့် မှီခိုသူမိသားစုများ၊ နီးစပ်ရာအရပ်သားပြည်သူများအား မြန်မာ့မီးရထားဆေးရုံ၊ ဆေးပေးခန်းများ၌ ပြင်ပလူနာ၆၆၂၇၃ ဦး၊ အတွင်းလူနာ ၆၇၇ ဦး စုစုပေါင်း ၆၆၉၅၀ အား မြန်မာ့မီးရထားမှ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ အမှုထမ်းများကဆေးကုသစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ပြီး ယင်းတို့အနက်မျက်စိခွဲစိတ်လူနာ ၃၇၁ ဦး၊ ခွဲစိတ်လူနာ ၂၄၀၊ မွေးလူနာ ၃၀၇ ဦး၊ သွားလူနာ ၆၂၄ ဦး တို့အား မြန်မာ့မီးရထားအထူးကုဆရာဝန်ကြီးများက ကုသပေးနိုင်ခဲ့ခြင်းများအပေါ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
နိုင်ငံတော်အနေဖြင့်လည်းထူးချွန် စွာတာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတာဝန်ထမ်းဆောင်ရင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသည့်ဝန်ထမ်းများကို စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် ချီးမြှင့်ငွေများအားပေးအပ်ခဲ့ရာ ၁၉၈၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စက်မှုစီးပွားထူးချွန်တံဆိပ် ပထမအဆင့် တစ်ဦး၊ ဒုတိယအဆင့် ကိုးဦး၊ တတိယအဆင့် ၂၈ ဦး၊စီမံထူးချွန်တံဆိပ်ပထမအဆင့် ၁၁ဦး၊ဒုတိယအဆင့်သုံးဦး၊ တတိယ အဆင့်ခုနစ်ဦး၊ လူမှုထူးချွန်တံဆိပ် ပထမအဆင့်၁၂ ဦး၊ ဒုတိယအဆင့် ၂၃ ဦး၊ တတိယအဆင့် ၇၅ ဦး ထူးချွန်တံဆိပ်ရရှိသူ စုစုပေါင်း ၁၆၉ ဦးရှိခဲ့ပြီး ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသူ အရာထမ်း/ အမှုထမ်း ၄၃၃၆ ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ရဲဗလတံဆိပ် ချီးမြှင့်ခံရသူ ရှစ်ဦး၊ ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ချီးမြှင့်ခံရသူ အရာထမ်း/ အမှုထမ်း ၁၃၇ ဦး၊ ၂၀၂၄ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသူ အရာထမ်း/ အမှုထမ်း ၂၀၉ ဦးရှိသည့် အတွက် ၁၉၈၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသူ အရာထမ်း/ အမှုထမ်းစုစုပေါင်း ၄၆၈၂ ဦးရှိကြောင်းကိုလည်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။ 
ခေတ်အဆက်ဆက်ပခုံးပြောင်း တာဝန်များကိုထမ်းဆောင်ခဲ့ကြသည့် မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် ခရီးသွားပြည်သူများ၏ ယုံကြည်မှု ပိုမိုရရှိလာစေရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ ပြည့်စုံကောင်းမွန်စေရေး၊ ရထားများလုံခြုံစိတ်ချစွာပြေးဆွဲနိုင်ရေး၊ ရထားအချိန်မှန်ကန်စေရေး၊ သယ်ပို့ပေးရသည့် ကုန်ပစ္စည်းများ ကြန့်ကြာမှုမရှိဘဲ လိုရာခရီးသို့ရောက်ရှိစေရေးစသည်တို့ကို ဦးလည်မသုန် ထမ်းရွက်သွားကြရမည်လည်း ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်ခဲ့သော မြန်မာ့မီးရထား၏ (၁၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့်အတူ ခေတ်အဆက်ဆက်က ရထားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကျရာတာဝန်ကို ဦးလည်မသုန်တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူ ဝန်ထမ်းများအားလုံးကိုလည်းဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ပြည်သူတစ်ဦးချင်း၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့် ဆက်စပ်လျက်ရှိသကဲ့သို့ နိုင်ငံအတွင်းရှိ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု၊ ငြိမ်ချမ်းသာယာဝပြောမှုများအပါအဝင် ကဏ္ဍအသီးသီးနှင့် ဆက်စပ်လျက်ရှိသည်ကိုလည်း တွေ့မြင်ရမှာဖြစ်ပါသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအားနည်းလျှင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအပါအဝင် ကျန်ကဏ္ဍအားလုံးထိခိုက်နိုင်စေပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဘက်ဘက်မှ အားနည်းသွားစေနိုင်သည်ကိုလည်း သတိချပ်သင့်ပါသည်။ 
ရထားပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံတစ်ဝန်းလုံး၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက်မရှိမဖြစ်လိုအပ်သည် ဖြစ်ရာမြန်မာ့မီးရထားဝန်ထမ်းများ အနေဖြင့်ရထားပြေးဆွဲမှုလုပ်ငန်းတွင် အဓိကကျသည့် လုံခြုံစိတ်ချရမှု၊ အချိန်မှန်ကန်မှု၊ ခရီးသွားပြည်သူများစိတ် ချမ်းမြေ့စွာခရီးသွားလာနိုင်မှုစသည့် အချက်များကို အထူးအလေးထားပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြစေလိုပါကြောင်းနှင့် ခေတ်စနစ်နှင့်အညီ ခေတ်မီတိုးတက်ပြောင်းလဲလာသည့် ရထားလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ်လေ့လာ၍ ရထားပို့ဆောင်ရေးလုပ်ငန်းဖြင့် မိဘပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးပမ်းထမ်းဆောင်လျက် မြန်မာ့မီးရထားဂုဏ်၊နိုင်ငံ့ဂုဏ်ကို ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ကြပါစေကြောင်း တိုက်တွန်းရင်း ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်ခဲ့သော မြန်မာ့မီးရထား၏ (၁၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုအပ်ပါသည်။    ။