နိုင်ငံ့တာဝန် ဝိုင်းဝန်းထမ်းရွက်ကြစို့

လူ့ဘုံလောက၊ လူ့ဘဝဟူသည် ဆန့်ကျင်ဘက်များနှင့် ယှဉ်တွဲနေရလေ့ရှိသည့် လောကဟုဆိုရပါမည်။ စိတ်ညစ်စရာများ၊ မှောင်မိုက်မှုများ ရှိနေသလို ပျော်ရွှင်စရာများ၊ လင်းလက်တောက်ပမှုများကလည်း ရှိနေမည်သာ။ လက်တွေ့ဘ၀ လူ့လောကသည် လူ့ဘဝရပ်တည်ရှင်သန်ရေးအတွက် မလွဲမသွေ ရင်ဆိုင်စရာများက ဝန်းရံနေသည် ဖြစ်သော်လည်း လူ၏သဘာဝအရ လောကတာဝန်များကိုလည်း ကိုယ်တတ်နိုင်သမျှ သို့မဟုတ် ကိုယ်စွမ်းဆောင်နိုင် သရွေ့ ထမ်းပိုးလုပ်ဆောင်ကြရသည်များ ရှိနေမည်ဖြစ်ပါသည်။

 

လူဖြစ်လာသည်နှင့် သဘာဝတရားက ဖန်တီးဖြန့်ဝေထားသော ရေမြေသဘာဝနှင့် မိမိတို့၏ ဘိုးဘေးတို့က ထွန်ယက်စိုက်ပျိုး အမွေပေးခဲ့သော အသီးအပွင့်တို့ကို ခူးဆွတ်စားသုံးရင်း မိမိတို့ကလည်း အနာဂတ်ကို တာဝန်ယူကာ အသစ်စိုက်ပျိုးကြရမည် ဖြစ်ချေသည်။

 

အချို့ သူတို့က အသီးအပွင့်မှန်သမျှကို များများစားသုံးကာ မိမိကစိုက်ပျိုးရမည့်တာဝန်ကို မသိကျိုးကျွန်ပြုကာ နေကြသည်တို့ရှိ၏။ အချို့က လောက၏အသီးအပွင့်တို့ကို အနည်းငယ်သာ ခူးဆွတ်သုံးစွဲသော်လည်း များစွာစိုက်ပျိုး ရစ်ခဲ့သူတို့လည်းရှိ၏။ မည်သူကပို၍ တန်ဖိုးရှိသည်နည်း။ မည်သူတို့က လူ့လောက၊ လူ့သမိုင်းတွင် မော်ကွန်းတင် ကျန်ရစ်ခဲ့မည်နည်း။

 

မိမိတို့အနာဂတ်အတွက် များများစိုက်ပျိုးမည်ဆိုသည့် မြင့်မြတ်သော စိတ်ဓာတ်ကိုထားကာ ထမ်းပိုးဆောင်ရွက်ကြသူ တို့ကား သူရဲကောင်းများအဖြစ် မော်ကွန်းထိုးရသူတို့တည်း။

 

မည်သို့ဆိုစေ လူဟူ၍ဖြစ်လာရသည်အခါ လောက၏ အသီးအပွင့်တို့ကိုလည်းစားသုံး၊ နောင်လာနောက်သားတို့ အတွက်လည်း ထွန်ယက်စိုက်ပျိုးခဲ့ရန် တာဝန်ရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။

 

လူ့ဘဝသက်တမ်းဟူသည် များစွာရှည်ကြာလှသည်မဟုတ်။ ရှင်သန်ဆဲကာလတွင် လောကတာဝန်ကို နိုင်သလောက် တာဝန်ယူ ထမ်းဆောင်ခြင်းကသာ လူ၏တန်ဖိုးကို မြင့်တက်စေမည်မဟုတ်ပါလား။

 

ထင်ရှားကျော်ကြားကာ မြန်မာနိုင်ငံသားတို့ လေးစားကြရသော စာရေးဆရာကြီး ဗန်းမော်တင်အောင် (၉ ဇွန်၊ ၁၉၂ဝ-၂၃ အောက်တိုဘာ၊ ၁၉၇၈) က -

 

“အချို့ဟာ သမိုင်းရဲ့ တာဝန်တွေကို ရဲရဲရင့်ရင့်ထမ်းဆောင်ခဲ့ကြတယ်။ အချို့ကျတော့ သမိုင်းတာဝန်ကို မကျေပွန်ကြဘူး။

 

လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” ဟု ဆိုခဲ့သည်။

 

ဤစကားသည် လူ့လောကအတွက် လွန်စွာထိရောက်တန်ဖိုးရှိသော စကားရပ်ဟု ယုံကြည်ပါသည်။ မြန်မာနိုင်ငံသည် လွန်စွာဆိုးရွားသောခေတ်စနစ်တို့ကို ဖြတ်သန်းခဲ့ရလေရာ အစစအရာရာနိမ့်ကျချို့တဲ့သည့် နိုင်ငံတစ်ခုအနေဖြင့် ရပ်တည်နေခဲ့ရပါသည်။ ရပ်တည်နေရဆဲလည်း ဖြစ်ပါသည်။ ယခုအချိန်သည် ယင်းသို့သော နိမ့်ကျချို့တဲ့သည့် အခြေအနေက ရုန်းထွက်နိုင်ရန် အပြင်းအထန်အားထုတ်ကြိုးပမ်းနေရ သည့် ကာလလည်းဖြစ်ပါသည်။

 

ဤလို ကာလတွင် နိုင်ငံ့တာဝန်၊ အများပြည်သူလူထု၏ တာဝန်၊ သမိုင်းတာဝန်တို့သည် ကြီးလေးစွာ အထုပ်အထည်နှင့် ရှိနေပါသည်။ ဤတာဝန်တို့ကို နိုင်ရာနိုင်ရာ ဝင်ရောက်ထမ်းရွက်ကြရန်လိုပါသည်။ ဤမျှ အဆမတန်လေးလံနေပြီ ဖြစ်သော ဝန်ထုပ်များသာမက ပြည်တွင်းပဋိပက္ခဝန်ထုပ်များ၊ ကိုဗစ်ကပ်ရောဂါ ဝန်ထုပ်များက ဆင့်ကဲဆင့်ကဲ ရှိနေသေးပါသည်။ ယခုအခါ ဆင်းရဲ နွမ်းပါးမှုပေါ်တွင် ထိုသို့ထပ်တိုးနေသော ဝန်ထုပ်ဝန်ပိုးများကို တတ်နိုင်သူတို့ ဝိုင်းကာဝန်းကာ ထမ်းပိုးနေကြသည်မှာလည်း အားရဖွယ်ဖြစ်ပါသည်။

 

ကိုယ်နိုင်ရာနိုင်ရာဝန်ထုပ်ကို တတ်နိုင်သမျှအင်အားဖြင့် ထမ်းပိုးနေကြသည့် သမိုင်းတာဝန်ကျေပွန်ရန် ကြိုးပမ်းနေသူ များကို ဂုဏ်ပြုအပ်ပါသည်။ အနိမ့်ဆုံးအားဖြင့် မိမိကြောင့် ရောဂါပိုးကူးစက်မှုတိုးပွားမှုနှုန်း မြင့်မသွားစေရန် ကျန်းမာရေးအခြေခံစည်းမျဉ်းကို လိုက်နာခြင်းဖြင့် ကူညီထမ်းရွက်သင့်ကြပါသည်။

 

ထို့ထက်ပို၍ဆိုရလျှင် တာဝန်လည်းရှိ၊ ဝန်ထုပ်ဝန်ပိုးကို သယ်ပိုးရွက်ဆောင်နိုင်သူများလည်းဖြစ်သူတို့သည် သမိုင်းတာဝန်ကို ရှောင်လွှဲမနေကြဘဲ၊ ထို့ပြင်တစ်ဝ သမိုင်းဝန်ထုပ်ဝန်ပိုးများကို ပိုမိုလေးလံအောင် ထပ်ဆင့်မနေကြဘဲ ဝိုင်းဝန်းထမ်းရွက်ခွဲဝေယူကြခြင်းဖြင့် လူ့သမိုင်းတွင် တန်ဖိုးရှိသူများဖြစ်ကြပါစေရန် တိုက်တွန်းလိုက်ရပါသည်။     ။

မြန်မာ့အလင်း