နေပြည်တော် နိုဝင်ဘာ ၂၇

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာဆန္ဒမဲ ပေးနိုင်ရေးအတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ် ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၇၂၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ထို့အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ် ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၂၃၆၁ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ တို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ ကင်းလွတ်ခွင့်ပြုခဲ့သည်။

နိုင်ငံတော်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသား အကျဉ်းသူများအား ၎င်းတို့ ကျူးလွန်ခဲ့ သည့် ပြစ်မှုများအရ အကျဉ်းထောင်အတွင်း ပြစ်ဒဏ် များချမှတ်ခဲ့သော်လည်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများအတွင်း လူမှုရေး၊ ကျန်းမာရေးဆိုင်ရာများနှင့် အခြားရသင့်သည့် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားပြီး ယခုပြန်လည်လွတ်မြောက်လာသည့် အချိန်တွင် မိဘဆွေမျိုးများက ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်