မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် တွင်းထွက်သယံဇာတများ ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ရေနံလုပ်ငန်းနှင့်ပတ်သက်၍ သမိုင်းမှတ်တမ်းကောင်းများစွာရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ရေနံချက် လုပ်ငန်းတွင် နယ်ချဲ့ဗြိတိသျှတို့ အနေဖြင့် ၁၈၇၁ ခုနှစ်ကတည်းက “ရန်ကုန်ရေနံကုမ္ပဏီ” အမည်ဖြင့် ရေနံချက်လုပ်ငန်းကို စတင်ခဲ့သည်ဟုသိရသည်။ ၁၉၂၅ ခုနှစ်တွင် ခေတ်မီနည်းစနစ်များကို အသုံးပြုပြီး နေ့စဉ်လည်ပတ်ချက်လုပ်နိုင်သည့် ဂါလန်ရှစ်သိန်းဆံ့သော သန်လျင် ရေနံချက် စက်ရုံကြီးကို တည်ဆောက်ခဲ့သည်။

 

ထို့နောက် သန်လျင်ရေနံချက်စက်ရုံကို အဆင့်ဆင့်တိုးချဲ့တည်ဆောက်ခဲ့ပြီး ရေနံထွက်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလတွင် ဗြိတိသျှတို့ စစ်ရှုံးသောအခါတွင် သန်လျင် ရေနံချက်စက်ရုံကို မီးရှို့ဖျက်ဆီးခဲ့သည်။ လွတ်လပ်ရေးရပြီး ကာလတွင် သန်လျင် ရေနံချက်စက်ရုံကို ပြုပြင်မွမ်းမံတည်ဆောက်၍ ရေနံချက်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် ကုန်ကြမ်းရရှိမှု နည်းပါးလာခြင်း၊ ထုတ်လုပ်မှုအရည်အသွေး မပြည့်မီခြင်းစသည်တို့ကြောင့် စက်ရုံ၏ရေနံချက်လုပ်ငန်းများကို ရပ်နားထားခဲ့သည်မှာ ရှစ်နှစ်ကျော် ကာလ ရှိခဲ့သည်။

 

ယနေ့နိုင်ငံတော်အစိုးရလက်ထက်ကာလတွင် နိုင်ငံ၏ စက်သုံးဆီလိုအပ်ချက် ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လာခဲ့ရာ မကြာမီကာလတွင် တစ်နှစ်လျှင် တန်ချိန်ငါးသိန်း ချက်လုပ်နိုင်မည့် သန်လျင်ရေနံချက်စက်ရုံသစ်ကြီးကို ပထမအဆင့် အနေဖြင့် စတင်လည်ပတ် နိုင်တော့မည်ဖြစ်သည်။ ဆက်လက်၍ ဒုတိယအဆင့်အနေဖြင့် တစ်နှစ်လျှင် တန်ချိန် သုံးသန်းချက်လုပ်နိုင်မည့် စက်ရုံကြီးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်၍ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် “မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ပြန်ပြည့်မြဲစွမ်းအင် တိုးမြှင့်အသုံးပြုနိုင်စေရေးအတွက် နေစွမ်းအင်၊ လေစွမ်းအင်တို့မှ လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ စက်သုံးဆီများ အသုံးပြုမှု လျှော့ချနိုင်စေရန် လျှပ်စစ်ကားများကို အစားထိုးအသုံးပြုနိုင်ရေး နိုင်ငံတော်အနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့ လောင်စာများကို ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အဆင့်မြင့် နည်းပညာများ အသုံးပြုသုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့ သည်။

 

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းအသစ်များ၊ ရေနံမြေအသစ်များ ထွက်ပေါ်လာရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ သက်တမ်းရင့် ရေနံချက်စက်ရုံ၊ ရေနံ ဓာတုဗေဒစက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံကြီးများ စွမ်းအားပြည့် လည်ပတ်နိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင်လက်ရှိရေနံမြေများမှ ရေနံအထွက်တိုးစေ‌ရေး ခေတ်မီ နည်းပညာများ အသုံးပြုဆောင်ရွက်နိုင်ရန် တိုင်းရင်းသားရေနံလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ရေနံတွင်းများ နည်းစနစ်တကျ တူးဖော်နိုင်ရန်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်များ အဆင့်မြှင့်တင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံ ၏ စွမ်းအင်ကဏ္ဍ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမည်ဟု ယုံကြည်သည်။

 

နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များကို စနစ်တကျ ရှာဖွေ၊ ဖော်ထုတ်၊ အသုံးပြုသွားရန် အတွက် မိတ်ဆွေနိုင်ငံများမှ ရေနံကုမ္ပဏီကြီးများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားကြရန်၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး တို့ကို အရေးကြီး လုပ်ငန်းစဉ်အဖြစ် တစိုက်မတ်မတ် ဆောင်ရွက်သွားကြရန်လိုသည်။ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများကို ဖိတ်ခေါ်ဆောင်ရွက်မှု အကျိုးရလဒ်အနေဖြင့် ကမ်းလွန် စီမံကိန်းကြီးများသည် နိုင်ငံ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေကိုပါ ရှာဖွေ ပေးနိုင်သည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင် နေရသည်။

 

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် ရေနံချက်စက်ရုံများ တည်‌ဆောက်ပြီး အဆင့်မြင့် စက်သုံးဆီများ ကိုယ်တိုင်ချက်ထုတ်လုပ်နိုင်ရေး၊ ဓာတ်မြေဩဇာစက်ရုံများ ထပ်မံတည်ဆောက်နိုင်ရေး အပါအဝင် နည်းပညာမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သောကြောင့် အဆိုပါ လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှု မှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ ရည်မှန်းချက်ထား ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း။