နေပြည်တော် ၁၄ ဖေဖော်ဝါရီ
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာအတွင်း ပညာရေးပြုပြင် ပြောင်းလဲတိုးတက်မှု အခြေအနေများ အစီရင်ခံစာနှင့် နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၇-၂၀၁၈)တို့အား မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းမထွက်ရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးတို့အတွက် မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားဘဲ အခက်အခဲရှိသော နေရာဒေသများရှိ ကျောင်းများ ဦးစားပေး ဖြည့်ဆည်းပေးနိုင်ရေး၊ ကျောင်းသားကျောင်းသူများ အားလုံးစိတ်ဓာတ် စည်းကမ်းပြည့်ဝသော လူသားကောင်းများဖြစ်လာစေရေး၊ ပူးပေါင်းဆောင်ရွက်တတ်သော အသင်းအဖွဲ့ စိတ်ဓာတ်ပိုမိုမြင့်မားလာစေရေး၊ တာဝန်ယူတာဝန်ခံ၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်လာစေရေး၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိ လာစေရေးစသည့် မျှော်မှန်းရလဒ်များကို ဦးတည်ပြီး ပြည်သူများနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းဖွင့်အမီအခြေခံ ပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၅၁၀ဝ ကို ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ခဲ့ပါကြောင်း။
ထိုကျောင်းများအနက် ကျောင်းပေါင်း(၁၁၁၀)သည် ပင်မကျောင်းနှင့် (၁၀)မိုင်အထက် ဝေးကွာသည့်အတွက် ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ လိုအပ်သော နေရာဒေသများရှိ ကျောင်းများကို ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ခဲ့သဖြင့် အခြေခံပညာအထက်တန်း ကျောင်းသားဦးရေ တစ်သန်းကျော်အထိ ပထမဆုံးအကြိမ် တိုးလာပါကြောင်း၊ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း(၄၆၄၆၈)ကျောင်းတွင် ဆရာဆရာမ စုစုပေါင်း(၃၉၇၃၈၇)ဦးနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၉၁၇၆၄၅၄)ဦးအထိရှိလာပါကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်တွင်လည်း စနစ်သစ်အခြေခံ ပညာရေးစနစ်အရ ၅နှစ်ပြည့်ပြီး ကလေးများကို သူငယ်တန်း (Kindergarten-KG)တွင် ကျောင်းအပ်လက်ခံခြင်း၊ ၆ နှစ်ပြည့်ပြီး ကလေးများကို ပထမတန်း (Grade-1)တွင် ကျောင်းအပ်လက်ခံခြင်းတို့ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ပထမတန်း (Grade-1) ကျောင်းသုံးဖတ်စာ အုပ်အသစ်များ၊ ဆရာလမ်းညွှန်စာအုပ်များဖြင့် မူလတန်းပြဆရာဆရာမ တစ်သိန်းနီးပါးကို နွေရာသီကာလ၌ သင်တန်းပေးခဲ့ပါကြောင်း၊ ပထမတန်း(Grade-1) ကျောင်းသုံး ဖတ်စာအုပ်အသစ်များကို အခမဲ့ဖြန့်ဝေခဲ့ပြီး ကျောင်းသားကျောင်းသူများ သင်ကြား သင်ယူရာတွင် ပိုမိုစိတ်ပါဝင်စား၍ သင်ယူတတ်မြောက်မှုလည်း ပိုမိုကောင်းမွန်လာသည်ကို လေ့လာဆန်းစစ်ချက်အရ တွေ့ရှိရပါကြောင်း၊ ဝေးလံဒေသရှိ ကျောင်းသား ကျောင်းသူများနှင့် မသန်းစွမ်း ကျောင်းသား ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများမှ အနည်းဆုံး ပညာအရည်အချင်း နဝမတန်း (Grade-10) အောင်မြင်သူစုစုပေါင်း (၅၁၆၁)ဦးကို တိုင်းရင်းသားဘာသာစကားနှင့် မူလတန်း ပညာသင်ကြားရန်တွက် နေ့စားလပေး (Teaching Assistant) တာဝန်ပေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စာသင်ခန်း၊ စာရေးခုံ၊ သင်ထောက်ကူပစ္စည်း၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ ကွန်ပျူတာ၊ သန့်စင်ခန်း၊ အားကစား၊ ဂီတပစ္စည်းများကိုလည်း လိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးအတွက် ကျောင်းအုပ်၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများကို ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်ပိုမိုမြင့်မားလာရေး မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း။
ကျောင်းပြင်ပ မူလတန်းပညာရေးကို မြို့နယ်ပေါင်း(၈၁)မြို့နယ်တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုများကိုလည်း နွေရာသီတွင်သာ မဟုတ်ဘဲ တစ်နှစ်ပတ်လုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍတွင် နည်းပညာအထက်တန်း ကျောင်းများ၊ စက်မှုလက်မှုသိပ္ပံများတိုးချဲ့ ဖွင့်လှစ်ခြင်း၊ ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကာလတို သင်တန်းများဖွင့်လှစ်ခြင်း၊ ဂျီတီအိုင်(အင်းစိန်) ပြန်လည်ဖွင့်လှစ်ခြင်းတို့ကြောင့် သင်တန်းသားဦးရေ တိုးတက်များပြားလာပြီး သင်တန်းဆရာများကို ထပ်မံဖြည့်ဆည်း ခန့်ထားပေးခဲ့ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်ဝင်စားမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန Website: www.moe.gov.mm မှ အသိပေး ထုတ်ပြန်ဆောင်ရွက်ပါကြောင်း။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သတ်မှတ်ထားသော တက္ကသိုလ်များတွင် ထုတ်ယူရန်၊ ပြန်လည်လျှောက်ထားရန် စီစဉ်ဆောင်ရွက်ခြင်း၊ ပထမနှစ် ကျောင်းသား ကျောင်းသူများအား နိုဝင်ဘာလလယ်မှစ၍ ကျောင်းအပ်လက်ခံခြင်းနှင့် စာသင်ဆောင်၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်၊ စာကြည့်တိုက်နှင့် ဆရာဆရာမဝန်ထမ်း အိမ်ရာများ ဆောက်လုပ် ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆက်သွယ်ရေးရုံးများ ဖွင့်လှစ်ခြင်း၊ ပြည်တွင်း ပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားခြင်းနှင့် (၂)နှစ်သင် ပညာရေးကောလိပ်များကို (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များ အဖြစ်သို့ အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ DTEd/PPTT ပညာရေးကောလိပ်ဝင်ခွင့်အတွက် မြို့နယ်အလိုက် လျှောက်ထားသူ၏ ရမှတ်ကြီးငယ်စဉ် တန်းစီဇယားပြုစု၍ ရွေးချယ်ဆောင်ရွက်ပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်မှု အခွင့်အလမ်းမြင့်မားလာ၍ ဆုရရှိလာပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘ၊ ဆရာ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူများနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အစီရင်ခံစာစာအုပ်များကို ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကြပြီး ခင်းကျင်းပြသထားသော အစီရင်ခံစာပါ အချက်အလက်မှတ်တမ်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
(သတင်းစဉ်)


