နေပြည်တော် ၂၅ ဖေဖော်ဝါရီ
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများကို ရိုက်ကူးထုတ်လွှင့်ဖော်ပြနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လက်ရှိအစိုးရအနေဖြင့် ၂၀၁၆ ခုနှစ် မတ်လတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်မှာ မကြာမီ သုံးနှစ်တာကာလ ပြည့်မြောက်တော့မည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခု တွင် အုပ်ချုပ်သည့်အစိုးရကို ပြည်သူများက ရွေးကောက်တင်မြှောက် ရပါကြောင်း၊ နိုင်ငံတော်ကို လည်ပတ်ရန် လိုအပ်သည့် ငွေကြေးကို ပြည်သူများက အခွန်အခအဖြစ် ထည့်ဝင်ရပါကြောင်း၊ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ၏ အုပ်ချုပ်ပုံ၊ စီမံခန့်ခွဲပုံများ၊ ထည့်ဝင်လိုက်သည့် အခွန်အခများကို မည်သို့ကိုင်တွယ် သုံးစွဲသည်ကို ပြည်သူများ သိပိုင်ခွင့်ရှိပါကြောင်း၊ ထို့ကြောင့် အစိုးရသက်တမ်း တစ်နှစ် ပြည့်တိုင်းတွင် ပြည်သူများအတွက် ဆောင်ရွက်ခဲ့မှုများကို တရားဝင်ရိုက်ကူးထုတ်လွှင့် ပြသခဲ့ပါကြောင်း။
သို့ဖြစ်၍ ယခု တတိယတစ်နှစ်တာ ရိုက်ကူးမှုများကို မတ် ၁၁ မှ ၂၆ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများ တွင် ဧပြီ ၁ ရက် မှ စတင်၍ တစ်ရက်လျှင် နှစ်ခုနှုန်းဖြင့် ထုတ်လွှင့်ဖော်ပြသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများကို ရိုက်ကူး ထုတ်လွှင့်ဖော်ပြနိုင်ရန် လျာထားဆောင်ရွက် သွားမှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရိုက်ကူးထုတ်လွှင့်ဖော်ပြသွားမည့် အစီအစဉ်များကို ဆွေးနွေးကြပြီး ဆွေးနွေးမှုများ အပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။
(သတင်းစဉ်)


