နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော်၊ အောက်တိုဘာ ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) Plenary Hall ၌ကျင်းပသည့် အခြေခံပညာအဆင့် (အသက် ၁၀ နှစ် မှ  ၁၅ နှစ်အတွင်း) အမျိုးသမီးအကပြိုင်ပွဲသို့  တက်ရောက် ကြည့်ရှုအားပေးသည်။

 

အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအဆင့် (အသက် ၁၀ နှစ် မှ  ၁၅ နှစ်အတွင်း) အမျိုးသမီး ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ် ညီညာစွာဖြင့် ငြိမ့်ညောင်းသည့် ကကွက်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ယှဉ်ပြိုင်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့များ ကြည့်ရှုအားပေးကြသည်။

 

အကပြိုင်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ဇနီးသည် အကပြိုင်ပွဲအဆင့်လိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ် ပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပသည့် ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးသည် ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်တို့၏ ဇနီးများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်များနှင့်အတူ ဝါသနာရှင်အဆင့် (ပထမတန်း) “မဟော်သဓာ”ဇာတ်တော်ကြီး ပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြု စိန်မြန်မာအနုပညာအင်အားစု မဟော်သဓာ ဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟော်သဓာ ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာ ရသမြောက်ပေါင်းစပ်၍ သရုပ်ဖော်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု သုခုမအမွေအနှစ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ် မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို  အလေးထား တန်ဖိုးထား ထိန်းသိမ်းရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေး မှု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ ပြိုင်ပွဲအမျိုးအစားများအလိုက်  သတ်မှတ်ထားသည့်နေရာများတွင် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များသည်လည်း စိတ်အေးချမ်းမြေ့စွာဖြင့် အားကြိုးမာန်တက် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်