နေပြည်တော် ဒီဇင်ဘာ ၂၁
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မြဧရာတပ်နယ်ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေသည် အစဉ်အလာ ရှိသည့် နယ်မြေတစ်ခုဖြစ်ပြီး ယခင်ကတည်းက KNU သောင်းကျန်းမှုများ၊ ဗကပ သောင်းကျန်းမှုများကို နှိမ်နင်းခဲ့ရကြောင်း၊ နောက်ပိုင်းတွင် နယ်မြေအခြေအနေများ ငြိမ်သက်လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် တပ်မတော်က နိုင်ငံတော်တာဝန် ထမ်းဆောင်ချိန်တွင် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက်မှုများ လုပ်ဆောင်လာခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်ခဲ့ရကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် “အမြဲတိုက်ပွဲဝင်အသင့်” ( Fit for Fight ) ဖြစ်နေရန်လိုကြောင်း၊ ထိုသို့အမြဲတိုက်ပွဲဝင် အသင့် ဖြစ်နေရန်အတွက် တပ်မတော်သားတစ်ဦးချင်းအနေဖြင့် ကျန်းမာကြံ့ခိုင်နေရန်လိုကြောင်း၊ ထို့ကြောင့် နေ့စဉ်ဆောင်ရွက်ရမည့် ကြံ့ခိုင်ရေးလုပ်ငန်းများကို အမြဲလေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့အသက်အရွယ်နှင့် ကိုက်ညီပြီး ကျန်းမာကြံ့ခိုင်သည့် ခန္ဓာကိုယ်အချိုးအစားဖြစ်အောင် နေထိုင်စားသောက်ပြီး တစ်ကိုယ်ရေ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို ဆောင်ရွက်နေရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်နေမှသာ မိမိတို့ထမ်းဆောင် ရမည့်တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ အလားတူ သွားလာနေထိုင်မှုများတွင်လည်း “သွားသတိ၊ လာသတိ” ဖြင့် သွားလာ နေထိုင်ကြမည်ဆိုပါက ကျရောက်လာမည့် အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ သတိ ဟူသည်မှာ ပိုသည်မရှိကြောင်း။
တိုက်ပွဲဝင်ရာတွင် ရဲစွမ်းသတ္တိရှိရန်လိုကြောင်း၊ တိုက်ပွဲများတွင် ရဲစွမ်းသတ္တိရှိရှိဖြင့် သင်ကြား တတ်မြောက်ထားသည့် စစ်ပညာရပ်များကို လက်တွေ့စစ်မြေပြင်တွင် အသုံးချပြီး အောင်မြင်စွာ တိုက်ခိုက်နိုင်ရန်လိုကြောင်း၊ ရဲစွမ်းသတ္တိဆိုသည်မှာ မိုက်ရူးရဲဆန်စွာ လုပ်ဆောင်ခြင်းမဟုတ်ဘဲ လုပ်သင့် လုပ်ထိုက်သည်များကို လုပ်ရဲကိုင်ရဲသည့်စိတ်ဓာတ်ဖြင့် သတ္တိရှိရှိ လုပ်ဆောင်ခြင်းပင် ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း တာဝန်များကို သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းနေအောင် လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ ထိရောက်သောပစ်ခတ်မှုများ ဖြစ်ရန်အတွက် မိမိတို့ကိုင်တွယ် အသုံးပြုရသည့် လက်နက်များ၊ အသုံးအဆောင်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင် စွာ အသုံးချနိုင်ရန်လိုကြောင်း။
သင်ကြားပေးထားသည့် စစ်အတတ် ပညာများကို စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရေး အမြဲ လေ့ကျင့်နေရန်လိုကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်မူဝါဒနှင့်အညီ စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်နေသည့် စစ်အတတ်ပညာများနှင့် မျက်ခြည်မပြတ် လေ့လာနေရမည်၊ သင်ယူတတ်မြောက်ပြီးဖြစ်သည့် စစ်အတတ်ပညာများကို ပိုမိုကျွမ်းကျင်ပိုင်နိုင်အောင် အမြဲလေ့ကျင့် နေရမည်၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို အမြဲလိုက်နာ ကျင့်သုံးနေရမည်ဖြစ်ကြောင်း၊ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်နေစေရေး မိမိတို့နေ့စဉ်ဆောင်ရွက် နေရသည့် သမားစဉ်လုပ်ငန်းရပ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ သင်ကြား ပေးထားသည့် စစ်အတတ်ပညာများအား ပြန်လည်လေ့ကျင့်ခြင်းနှင့် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေခြင်းသည် အမြဲလေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် တပ်မတော်က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့တစ်ဦးချင်း၏ ဝင်ငွေနှင့်ထွက်ငွေကို ညီညွတ် မျှတစွာ သုံးစွဲကြရန်လိုကြောင်း၊ အရက်၊ ကွမ်း၊ ဆေးလိပ် စသည့်အသောက် အစားများနှင့် အပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ရှားကြရန်လိုပြီး မိမိကိုယ်ကိုထိန်းသိမ်းကြရန်လိုကြောင်း၊ တပ်မတော်သားများသည် အသက်နှင့်ရင်း၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို တာဝန် ထမ်းဆောင်ကြရခြင်း ဖြစ်သဖြင့် မိမိတို့၏ဘဝကို တန်ဖိုးထားကြရန်လိုကြောင်း။
လူတိုင်းသည် မိမိတို့ဘဝတိုးတက်ရေးအတွက် အမြဲဆောင်ရွက်နေကြကြောင်း၊ ကြိုးစားအားထုတ်မှု ကောင်းမွန်သည့်သူများသည် ဘဝတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်ကြကြောင်း၊ ထို့ကြောင့် မိမိတို့ဘဝ တိုးတက်ရေးအတွက် မိမိကိုယ်ကို စောင့်ထိန်းပြီး ကြိုးစားဆောင်ရွက်သွားကြရန် လိုကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက် မိမိတို့အနေဖြင့်ဆောင်ရွက် ပေးခဲ့ကြောင်း၊ အလားတူတပ်မတော်သားများ၏ လစာနှင့် စရိတ်များ၊ ရိက္ခာများပြည့်ပြည့်ဝဝ ရရှိစေရေး၊ အဆင့်အတန်းမီစွာဖြင့် ဝတ်စားဆင်ယင်နေထိုင်နိုင်ရေးတို့ကို တပ်မတော်က ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း။
ပညာရေးနှင့်ပတ်သက်၍ “အသိပညာသည် လူကောင်းဖြစ်စေပြီး အတတ် ပညာသည် လူတော်ဖြစ်စေ” ကြောင်း၊ အသိပညာတိုးတက်ရန်အတွက် အတန်း ပညာရှိရန် လိုကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ အတန်းပညာမြင့်မား စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးသည် လူတစ်ဦးချင်း၏ ဘဝကို မြင့်မားစေကြောင်း၊ ထို့ကြောင့် ဗဟုသုတ အတွေးအခေါ်များရရှိစေမည့် စာအုပ် စာပေများကို အမြဲလေ့လာဖတ်ရှုနေရန် လိုကြောင်း၊ အလားတူ မိမိတို့၏သားသမီး များ၏ပညာရည်မြင့်မားရေးကို ဆောင်ရွက် ပေးသကဲ့သို့ ဗဟုသုတရရှိစေမည့် စာအုပ် စာပေများ ဖတ်ရှုစေရေးအတွက်လည်း အမြဲတိုက်တွန်း ဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိတို့၏ ဘဝထက်သာလွန် သည့် ဘဝများရရှိစေရေး မိမိတို့၏ သားသမီးများကို မြေတောင်မြှောက်ပေးကြစေလိုကြောင်း၊ တပ်မတော်သား မိသားစုဝင်များ၏ ပညာရည်မြင့်မားရေးအတွက် လိုအပ်သည့် ထောက်ပံ့မှုများနှင့်ချီးမြှင့်မှုများ ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံတော်၏ပညာရည် မြင့်မားရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တပ်မတော်သည် နိုင်ငံတော်ကာကွယ် ရေးတာဝန်များကိုထမ်းဆောင်နေခြင်း ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများ၏ အစိတ် အပိုင်းပင် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်းဖြစ်ပြီး ပြည်သူနှင့် လက်တွဲ၍ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများနှင့် တစ်သားတည်းဖြစ်အောင် နေထိုင်ကျင့်ကြံ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့တွေ့ကြုံရသည့် အတွေ့အကြုံများကို သင်ခန်းစာယူ၍ မိမိကိုယ်ကိုသော်လည်းကောင်း၊ မိမိတို့တပ်မတော်ကိုလည်းကောင်း၊ မိမိတို့နိုင်ငံတော် အတွက်လည်းကောင်း ကောင်းမွန်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။
မကြာမီကာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအားကျင်းပပြုလုပ်တော့မည် ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာစောင့်ထိန်းနိုင်သူ၊ ဒေသနှင့်နိုင်ငံအကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဥပဒေပြုရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်သူ၊ တပ်မတော်နှင့် လက်တွဲ၍နိုင်ငံ့အကျိုးကို အမှန်တကယ် သယ်ပိုး ဆောင်ရွက်နိုင်သူများကို ရွေးချယ်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ပြီးဆုံးချိန်တွင် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရား မျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွား ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစု များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်နယ်ရှိနယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက် ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်မှုထမ်းများအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကား ပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း
ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များကို မေးမြန်း၍လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးသည်လည်း အမျိုးသမီးကုသဆောင်တွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် တပ်မတော်သား မိသားစုဝင်များအား တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်တပ်နယ်အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


