နေပြည်တော် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တပ်မတော်(ရေ)ဖွဲ့စည်းတည်ထောင်မှု(၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ် ရေတပ် လေ့ကျင့်ရေးဌာနချုပ် သီရိမဟာ ဇေယျကျော်ထင် ခန်းမ၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်း ဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တပ်မတော် (ရေ)၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ မြန်မာ့ရေတပ်သည် ၁၂ ရာစု ပုဂံခေတ်ကတည်းက အစပြုခဲ့ပြီး ၁၈ ရာစု ကုန်းဘောင်ခေတ်တွင် ရာထူးဌာနန္တရ၊ ဂုဏ်ထူး အဆောင်အယောင်များဖြင့် စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့သော်လည်း ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝ ရောက်ရှိခဲ့မှုနှင့်အတူ တိမ်မြုပ်ခဲ့ရကြောင်း၊ ထို့နောက် ၁၉၄၀ ပြည့်နှစ်တွင် ဗမာ့အပျော်တမ်းအရန် ရေတပ်(BRNVR)ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၄၂ ခုနှစ် ဂျပန်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်စဉ် ဗမာ့အပျော်တမ်း အရန်ရေတပ်ကလည်း အိန္ဒိယကို အင်္ဂလိပ်တို့နှင့် အတူ တချို့တစ်ဝက်ပါသွားခဲ့ပြီး ၁၉၄၂ ခုနှစ် ဇွန် ၂ဝ ရက်တွင် ဗမာ့လွတ်လပ်ရေး ရေတပ်မတော်(BIN) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း။
ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပြီးနောက် လွတ်လပ်ရေးမရမီရက်ပိုင်းအလို ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဗမာ့အပျော်တမ်းအရန်ရေတပ်ကို “ဗမာ့ရေတပ်မတော် (Burma Navy)”အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘိုက ရေတပ်ဦးစီးချုပ်အဖြစ် အင်္ဂလိပ်တို့ထံမှ လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး စတင်တည်ထောင်စဉ်က အရာရှိ ၇၅ ဦး၊ စစ်သည် ၅၀၀နှင့် စတင်ခဲ့ကြောင်း၊ စစ်ရေယာဉ်များအနေဖြင့် ဖရီဂိတ် စစ်ရေယာဉ် (မေယု)၊ မိုင်းရှင်းရေယာဉ်နှစ်စင်းနှင့် တိုက်ရေယာဉ် ၁၂ စင်း စစ်ရေယာဉ် စုစုပေါင်း ၁၅ စင်းဖြင့် စတင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ဖရီဂိတ်စစ်ရေယာဉ်ကြီးများအထိ ကိုယ်ပိုင်ဒီဇိုင်း ရေးဆွဲတည် ဆောက်အသုံးပြုနိုင်ခဲ့ပြီး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေ ယာဉ်များအပါအဝင် ကုန်းရေနှစ်သွယ် စစ်ဆင်ရေးရေယာဉ်များကိုလည်း အင်အားဖြည့်တင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်က ပင်လယ်ပြင်စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဆောင် ရွက်နိုင်ခဲ့သည့်ရေတပ်မှ ယခုအခါ သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ် ပြင်နယ်နိမိတ်တစ်လျှောက် စိုးမိုးလှုပ်ရှားနိုင်သည့် ရေတပ်အဖြစ် တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းသည် ရေမိုင် ၁၂၆၀ ရှည်လျားပြီး ကိုကိုးကျွန်းကဲ့သို့ မဟာဗျူဟာ အချက်အချာကျသည့် ကျွန်းများ အပါအဝင် ကျွန်းကြီး၊ ကျွန်းငယ် ပေါင်း ၁၄၀၀ ကျော်ရှိကြောင်း၊ ရေပြင်နယ်နိမိတ် စတုရန်းမိုင် ၁၄၀၀၀၀ ကျော် ကျယ်ဝန်းပြီး ရေ ပေါ်ရေအောက် အဖိုးတန်သယံ ဇာတများပေါများသည့် ပင်လယ်ကမ်းရိုးတန်း သဘာဝ အလှတရား များစွာတို့နှင့် ပြည့်နှက်နေကြောင်း။
ထိုသို့ရေပေါ်ရေအောက် သယံဇာတပစ္စည်များ ပေါကြွယ်ဝပြီး အဖိုးတန်လှသည့် မြန်မာ့ပင်လယ် ပြင်ကို ကာကွယ်ရန် ရေပြင်၊ ဝေဟင်၊ ရေအောက် စစ်ဆင်နိုင်သည့် စစ်ရေယာဉ်ကြီးများကို တည်ဆောက် တပ်တော်ဝင်နေသကဲ့သို့ တပ်မတော်(ကြည်း)၊ တပ်မတော် (လေ)တို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေးများ ဆောင်ရွက်ခြင်း၊ စစ်ကူပစ်ကူပေးခြင်း၊ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ အသီးသီး၏ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ပစ္စည်းများ သယ်ယူပို့ဆောင်ပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်း၊ ဆေးကုသပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် ပင်လယ်ပြင်သွား တိုက်ခိုက်ရေးစစ်ရေယာဉ်များ၊ မြစ်တွင်းသွား ဘက်စုံသုံး စစ်ရေယာဉ်များ၊ ကမ်းထိုးရေယာဉ်များ၊ ထောက်ပံ့ရေး ရေယာဉ်များနှင့် ဆေးရုံရေယာဉ်တို့ကို တည်ဆောက် တပ်တော်ဝင်ခြင်းနှင့် လွှဲပြောင်းလက်ခံ အသုံးပြုလျက်ရှိကြောင်း။
၂၁ ရာစုတွင် နိုင်ငံအများစုသည် သမားရိုးကျခြိမ်းခြောက်မှုများအပြင် သမားရိုးကျ မဟုတ်သော ခြိမ်းခြောက်မှုများဖြစ်သည့် ပင်လယ်ဓားပြမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုကူးမှုစသည့် ရေကြောင်း လုံခြုံရေးဆိုင်ရာပြဿနာများကို ရင်ဆိုင် ဖြေရှင်းနေကြရကြောင်း၊ ထိုသို့ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ခေတ်မီပြီး အင်အားတောင့်တင်း ခိုင်မာသည့် ရေတပ်ရှိရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့၏ပိုင်နက် ပင်လယ်၊ သီးသန့်စီးပွားရေးဇုန်၊ ကမ်းရိုးတန်းဒေသများနှင့် နိုင်ငံ၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေများနှင့်အညီ အပြည့်အဝ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း။
လတ်တလော နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသာမက ပြည်တွင်းတွင် ဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည့် အခြေအနေများအရ ရေကြောင်းစွမ်းအားအရင်းအမြစ်များသည် မရှိမဖြစ် လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ ရေကြောင်းမှ တပ်ဖွဲ့များ၊ ရိက္ခာများ၊ လက်နက်ခဲယမ်းများ သယ်ယူ ပို့ဆောင်ပေးခြင်းသာမက ပစ်ကူစစ်ကူပေးခြင်းကိုပါ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ ရေကြောင်း စွမ်းအားရရှိရေးအတွက် ရေတပ်အင်အားကို တိုးချဲ့ တည်ဆောက်ပေးနေသကဲ့သို့ ကမ်းခြေစောင့်တပ်ဖွဲ့ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ တပ်မတော်(ရေ)မှဦးဆောင်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့တို့နှင့် အတူတကွလက်တွဲကာ မိမိတို့နိုင်ငံ၏ ရေကြောင်းလုံခြုံရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်အတွင်းသာ မဟုတ်ဘဲ သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာ တည်ရှိနေသည့် အတွက် တပ်မတော်(ရေ)အနေဖြင့် လွှမ်းခြုံကာကွယ်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ပင်လယ်ပြင် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံ ရေတပ်များနှင့် ယှဉ်နိုင်ရန် စွမ်း ဆောင်ရည်မြင့်မားပြီး တိုက်စွမ်းအားကောင်းသည့် စစ်ရေယာဉ်များကို အမျိုးအစားစုံ အချိုးကျကျ ဖွဲ့စည်းထားရှိရန်လိုအပ်ကြောင်း။
တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်ရန်အတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ် အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဆိုသည့် အသင့်ဖြစ်မှု (၃) ရပ်နှင့် ပြည့်စုံ အောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်ရေ ယာဉ်အသင့်ဖြစ်မှုအတွက် စစ်ရေယာဉ်များကို တည်ဆောက်တပ် တော်ဝင်သည့်နေရာတွင်လည်း သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သည့် ခြိမ်းခြောက်မှုများကို တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိရန် ဖရီဂိတ်စစ်ရေယာဉ်ကအစ မြစ် တွင်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်များ အဆုံး၊ အထောက်အကူပြု ရေယာဉ်များပါမကျန် အမျိုးအစား စုံလင်စွာ ဖြည့်ဆည်းပေးလျက်ရှိကြောင်း။
မိမိတို့တပ်မတော်(ရေ)သည် မြစ်တွင်းသွား တိုက်ရေယာဉ်မှ စပြီး ယခုကဲ့သို့ အရွယ်အစား ကြီးမားသည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်း၊ “ရေတပ်၏ တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ်များ အရေအတွက်များများ ပိုင်ဆိုင်နိုင်ရေး ဆက်လက်ကြိုးပမ်းနေသကဲ့သို့ မြန်မာနိုင်ငံ၏ ရေပြင်သဘာဝနှင့်ကိုက်ညီသည့် မြစ်တွင်းသွားဘက်စုံသုံး စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်နိုင်ခဲ့သည့်အတွက် မြစ်တွင်းစစ်ဆင်ရေးများတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်ခဲ့ကြောင်း။
ရေတပ်သားတစ်ဦးချင်းစီ၏ နှလုံးသားထဲတွင် “နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျ ကာကွယ်နိုင်ရမည်”၊ “နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက် နိုင်ရမည်”၊ “ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမည်” ဆိုသည့် တပ်မတော်(ရေ)၏ ရည် မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စွဲမြဲစွာ မှတ်သားထားရမည်ဖြစ်ကြောင်း၊ ကျယ်ပြောလှသည့် မြန်မာ့ပင်လယ်ပြင်ကို ရေတပ်တစ်ခုတည်း ဖြင့် ပြည့်ပြည့်စုံစုံကာကွယ်နိုင်ရန် မဖြစ်နိုင်ကြောင်း၊ ကြည်းတပ်၊ လေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့တို့နှင့် ပေါင်းစပ်ပြီး ကာကွယ်မှသာ နိုင်ငံတော်၏ ရေကြောင်း လုံခြုံရေးအခန်းကဏ္ဍကို ပိုမို အာမခံနိုင်မည်ဖြစ်ကြောင်း၊ ရေကြောင်းစစ်ဆင်ရေးသည် ဘက်စုံ အသွင်ဆောင်သည့် သဘောသဘာဝရှိပြီး မျက်မှောက်ခေတ် ရေကြောင်းစစ်ဆင်ရေးကဏ္ဍကို ထိရောက်အောင်မြင်စွာ စစ်ဆင်နိုင်ရန် စစ်ရေယာဉ်မျိုးစုံပါဝင်ပြီး ခေတ်မီလက်နက်နှင့် လက်နက် စနစ်များ၊ အရည်အချင်း ပြည့်ဝသည့် ရေတပ်သားများနှင့် ဟန်ချက်ညီညီ ပေါင်းစပ်စစ်ဆင်ရန် လိုအပ်သည့်အပြင် ကမ်းတက်စစ်ဆင်ရေး၊ မြစ်တွင်းစစ်ဆင်ရေး၊ ခြေလျင်အသွင်တိုက်ပွဲဝင်နိုင်ရေးအတွက်ပါ အမြဲစုဖွဲ့လေ့ကျင့်ထားရန်လိုအပ်ကြောင်း။
တပ်မတော်(ရေ)၏ ကဏ္ဍကြီး (၄) ရပ်ကို ထမ်းဆောင်ရာတွင် စစ်ရေးကဏ္ဍအနေဖြင့် တိုက်စွမ်း ရည်နှင့် တိုက်စွမ်းအား ဟန်ချက်ညီတိုးတက်မှသာ တိုက်ပွဲဝင် အသင့်ဖြစ်သည့် တပ်ဖွဲ့တစ်ခုဖြစ် လာမည်ဖြစ်ကြောင်း၊ တိုက်စွမ်းအားရရှိရန်အတွက် စစ်ဆင်မှုနယ်ပယ် (၄) ရပ်တွင် စစ်ဆင်နိုင် မည့် ခေတ်မီ Platform များ၊ စွမ်းရည် မြင့်လက်နက်နှင့် လက်နက်စနစ်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကိရိယာများကို ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ယနေ့အချိန်တွင် ရေပြင်သွား စစ်ရေ ယာဉ်ကြီးများသာမက ရေငုပ်သင်္ဘောများကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပြီး သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ်အဖြစ် ရောက်ရှိနေပြီဖြစ်ကြောင်း။
ထို့ပြင် ဖရီဂိတ်စစ်ရေ ယာဉ်ကြီးများကို ကိုယ်တိုင်တည်ဆောက် အသုံးပြုလာနိုင်သည့် အတွက် ရေပြင်စစ်ဆင်ရေး၊ ဝေဟင်စစ်ဆင်ရေး၊ ရေအောက် စစ်ဆင်ရေး၊ အီလက်ထရောနစ် စစ်ဆင်ရေး စသည့် စစ်ဆင်မှုနယ်ပယ် (၄)ရပ်စလုံးတွင် တိုက်ပွဲ ဝင်နိုင်စွမ်းရှိသဖြင့် နောင်တွင် ရေတပ်၏ ကဏ္ဍကြီး (၄) ရပ်ဖြစ်သည့် စစ်ရေးကဏ္ဍ၊ သံတမန်ရေးရာကဏ္ဍ၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍနှင့် စာနာအကူအညီပေးရေး ကဏ္ဍများကိုလည်း ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်မည်ဖြစ် ကြောင်း။
တရားဥပဒေစိုးမိုးရေး ကဏ္ဍတွင် ပင်လယ်ပြင်တွင်ကြုံတွေ့နေရသည့် သမားရိုးကျ မဟုတ်သော ခြိမ်းခြောက်မှုများဖြစ်သည့် တရားမဝင်ငါးခိုးဖမ်းမှု၊ လူ/လက် နက်မှောင်ခို သယ်ဆောင်ဖြတ် သန်းမှု၊ သစ်ခိုးထုတ်မှု၊ တရားမဝင် ပြောင်းရွှေ့နေထိုင်မှု၊ မူးယစ်ဆေး ဝါးသယ်ဆောင်မှု၊ ပင်လယ်ဓားပြနှင့် လက်နက်ကိုင် အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရန် တာဝန်ယူဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင် လုပ်ကိုင် ဆောင်ရွက်မှုများနှင့် ဥပဒေမဲ့ ဖြတ်သန်းသယ်ဆောင်မှုများကို ထိရောက်စွာ တားဆီးနိုင်မှသာ ရေကြောင်းဆိုင်ရာလုံခြုံမှု (Maritime Security)ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
စာနာအကူအညီပေးရေး ကဏ္ဍအနေဖြင့် “အထက်အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းစရာမလိုဘဲ ချက်ချင်း ဆောင်ရွက်ပေးရန်” မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ပေးထားခဲ့ပြီးဖြစ်ကြောင်း၊ ပင်လယ် ပြင်တွင် ဒုက္ခရောက်နေသည့် သူများကိုကူညီခြင်း၊ နိုင်ငံရပ်ခြားတွင် ဒုက္ခမျိုးစုံကြုံတွေ့နေရသည့် မိမိတို့၏သွေးချင်းတိုင်းရင်းသား ပြည်သူများကို ပြန်လည်ခေါ်ဆောင်ခြင်း၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးတာဝန်များ ထမ်းဆောင်ခြင်း၊ မြစ်ဝကျွန်းပေါ်၊ ကမ်းရိုးတန်းတစ်လျှောက် ကျွန်းနေပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးခြင်း၊ မုတ်သုံရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ဆိုင်ကလုန်းမုန်တိုင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များနှင့် ကမ္ဘာ့ကပ်ရောဂါခံစားရသည့် ဒေသများတွင်တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ဝင်များ၏ ကူညီဆောင်ရွက်ပေးနေမှုများသည် ပြည်သူများ၏ အသက်အိုးအိမ် ကာကွယ်ရေးကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ကို သဘောပေါက် ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် မိမိတို့တပ်မတော်၏ နိုင်ငံတော်နှင့် ပြည်သူလူထု အပေါ်ထားရှိသည့် မွန်မြတ်သည့် စိတ်ထားပင်ဖြစ်ကြောင်း။
သံတမန်ရေးရာကဏ္ဍတွင် အိမ်နီးချင်းနိုင်ငံ ရေတပ်များ၊ အာဆီယံရေတပ်များသာမက နိုင်ငံတကာ ရေတပ်များနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်းလေ့ကျင့် ဆောင်ရွက်စေခဲ့ပြီး တပ်မတော်၏အဆင့်အတန်းကို ပြသနိုင်ခဲ့ကြောင်း၊ အာဆီယံ ရေတပ်ဦးစီးချုပ်များတွေ့ဆုံပွဲ၊ အိမ်နီးချင်းနိုင်ငံ ရေတပ်များ၊ အာဆီယံရေတပ်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲများ၊ အာဆီယံရေတပ် များ၊ နိုင်ငံပေါင်းစုံ ရေတပ်များနှင့်ပြုလုပ်သည့် လေ့ကျင့်ခန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့်အတွက် တပ်မတော်(ရေ)အနေဖြင့် သံတမန်ရေးရာကဏ္ဍကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ် အသင့်ဖြစ်မှု၊ ရေတပ်သား အသင့်ဖြစ်မှုဆိုသည့် အသင့်ဖြစ်မှု သုံးရပ်နှင့် ပြည့်စုံ အောင် စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်သည် တစ်ဦးချင်းအနေဖြင့် ကိုယ်စီ ကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ် လေ့လာလေ့ကျင့်နေရမည်ဖြစ်ပြီး လက်နက်နှင့်လက်နက်စနစ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် အသားကျလေ့ကျင့်ရန် လိုအပ်ကြောင်း၊ ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် တပ်မတော် (ရေ) မျိုးဆက်သစ်အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့် ကမ်းပေးသွားရမည် ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင် အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားရင်း ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့မှသည် နောင်လာမည့် နှစ်ပတ်လည်နေ့များစွာတိုင် တိုက်စွမ်းရည် တိုက်စွမ်းအား မြင့်မားကောင်းမွန်ပြီး နိုင်ငံတော်အတွက် အားထားရသည့် တပ်မတော်(ရေ)အဖြစ် အစဉ်ရပ်တည်နိုင်ပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary ကို ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ) ဖွဲ့စည်း တည်ထောင်မှု(၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တံဆိပ်၊ တပ်မတော်(ရေ)သမိုင်း မှတ်တမ်းစာအုပ်နှင့် ဓာတ်ပုံ Album တို့ကို ဂါရဝပြုပေးအပ်ပြီး တပ်မတော်(ရေ) အရာရှိများက “ပြည်ထောင်စုညီ ရှေ့သို့ချီ” ဂုဏ်ပြု တေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ရေ)ပြခန်းသို့ သွားရောက်၍ တပ်မတော်(ရေ)အဆင့်ဆင့် တိုးတက်လာမှုသမိုင်းပြခန်းနှင့် သုတေသနပြကွက်များကို လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ) ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေစဉ် စစ်ရေယာဉ် (ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်)တို့က အမြောက် ၂၁ ချက်ပစ်ဖောက်ပြီး နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြု အလေးပြုကြသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်)၊ ဖရီဂိတ်စစ်ရေ ယာဉ်(အောင်ဇေယျ)ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ် (ကျန်စစ်သား)၊ ဖရီဂိတ်စစ်ရေယာဉ် (ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ် (တပင်ရွှေထီး)၊ ကမ်းလွန် ကင်းလှည့်ရေယာဉ်(အင်းလေး)၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် (ရန်ငြိမ်းအောင်)နှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ်(ရန်ရဲအောင်)၊ အမြန်သွား တိုက်ခိုက်ရေးရေယာဉ် (ဒုံးပျံ) စစ်ရေယာဉ်(၄၉၁)၊ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်(ဒုံးပျံ) စစ်ရေယာဉ်(၄၉၂)တို့က Single Line Formation ပုံစံဖြင့် လည်းကောင်း၊ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် စစ်ရေယာဉ် (၅၆၄)၊ (၅၆၆)၊ (၅၅၆)၊ (၅၅၈)၊ ကမ်းခြေစောင့် တိုက်ခိုက်ရေးရေယာဉ် စစ်ရေယာဉ် (၄၂၇)၊ (၄၂၈)၊ အမြန်သွား ကင်းလှည့်ရေယာဉ် စစ်ရေယာဉ်(၂၇၁)၊ (၂၇၂)၊ (၂၇၆)၊ (၂၇၈)တို့က Line Abreast Formation ပုံပြုပုံစံများဖြင့် ပုံပြုမောင်းနှင်ပြီး နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုကြ သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ)က အမြောက်ပစ်ဖောက် ဂုဏ်ပြု အလေးပြု ပစ်ခတ်ထားသည့် ပထမဆုံး အမြောက်ကျည်ဆန်ခွံ ကို အထိမ်းအမှတ်လက်ဆောင် အဖြစ် ဂါရဝပြုပေးအပ်သည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထိမ်းအမှတ် တံဆိပ်နှင့် ဂုဏ်ပြုလက်ဆောင် ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်(ရေ) အရာရှိ၊ စစ်သည်များအား လမ်းညွှန်အမှာစကား ပြောကြားရာတွင် မြန်မာ့တပ်မတော်တွင် တပ်မတော်(ရေ)ကို (၇၈)နှစ်တာ ကာလအတွင်း အဆင့်ဆင့် တိုးချဲ့ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် စစ်ရေယာဉ်များ ကို ကိုယ်တိုင်တည်ဆောက် အသုံးပြုနေနိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော်သားတိုင်းအနေဖြင့် ကျန်းမာကြံ့ခိုင်မှုရှိရမည်၊ ရဲစွမ်းသတ္တိနှင့် တိုက်ရဲခိုက်ရဲသည့် စိတ်ဓာတ်ရှိရမည်၊ မိမိတို့တစ်ဦးချင်း တာဝန်များကို သက်ဆိုင်ရာ ပညာရပ်များအလိုက် ကျွမ်းကျင် ပိုင်နိုင်နေရမည် ဖြစ်ကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် မူဝါဒနှင့်အညီ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများနှင့် မျက်ခြည်မပြတ် လေ့လာနေရမည်၊ သင်ယူတတ်မြောက်ပြီး ဖြစ်သည့် စစ်အတတ်ပညာများကို ပိုမို ကျွမ်းကျင်ပိုင်နိုင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို အမြဲလိုက်နာကျင့်သုံးနေရမည် ဖြစ်ကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတော် တည်ရှိရမည်၊ မြန်မာနိုင်ငံတော်တည်ရှိနေသရွေ့ မြန်မာ့တပ်မတော်တည်ရှိရမည်၊ မြန်မာ့တပ်မတော် တည်ရှိနေသရွေ့ တပ်မတော်(ရေ)သည်လည်း တည်ရှိရမည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် ရှိပြီး ဖြစ်သည့် ကောင်းမွန်သော အစဉ်အလာများကို စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်း လက်ဆင့် ကမ်းကာ တပ်မတော်(ရေ)နှင့် တပ်မတော်၏ဂုဏ်ကို ထိန်းသိမ်းသွားကြရမည် ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၃)ရေတပ် ဆိပ်ခံတံတားမှ ဧရာဝတီရေတပ် စခန်းဌာနချုပ်သို့ စစ်ရေယာဉ် (ရတနာပုံ)ဖြင့် ထွက်ခွာကြသည်။
ထိုသို့သွားရောက်စဉ် မြစ်အတွင်းရှိ တပ်မတော်(ရေ) စစ်ရေ ယာဉ်များမှ အရာရှိ၊ စစ်သည်များက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား လမ်းတစ်လျှောက် အလေးပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


