နေပြည်တော် ဒီဇင်ဘာ ၁၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော် ဆေးရုံသို့ရောက်ရှိရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို တစ်ဦးချင်းလိုက်လံ ကြည့်ရှု၍ ဒဏ်ရာရရှိမှု၊ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆေးဝါးကုသပေးထားမှု အခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီး လိုက်လံမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနား မြို့ရှောင်လမ်းအတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များကို လိုက်လံကြည့်ရှုစစ်ဆေးကာ အိမ်ထောင်သည်လိုင်းခန်းတွင် ရဲမေများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရိပ်သာဧည့်ခန်းမ၌ ပြည်နယ်/ ခရိုင်/မြို့နယ်များမှ ပညာရေးမှူး များ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ ပြည်နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
တွေ့ဆုံစဉ် ကချင်ပြည်နယ် ပညာရေးမှူး ဦးစိုးသိုက်က ပြည်နယ်အတွင်း ယခုနှစ် Grade-12 ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင် ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ဆွေးနွေးပြောကြားရာတွင် ယခုနှစ် ဖြေဆိုကြမည့် Grade-12 စာမေးပွဲနှင့် ပတ်သက် ၍ ကချင်ပြည်နယ်၏ ယမန်နှစ် Grade-12 စာမေးပွဲအောင်ချက် ရာခိုင်နှုန်းသည် ၄၇ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်ရာခိုင်နှုန်း အဆင့်(၁) ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ယမန် နှစ်ရရှိခဲ့သည့် အဆင့်ထက်မလျော့ကျသွားအောင် ယခုနှစ်ဖြေဆိုကြ မည့် ကျောင်းသား ကျောင်းသူများအား ထူးချွန်အောင်မြင်စေရန်နှင့် အောင်ချက်ရာခိုင်နှုန်း ဆက်လက် မြင့်မားစေရေး၊ တန်းစဉ်ကူး ပြောင်းမှုနှင့်ပတ်သက်၍ အတန်းအလိုက် နှစ်စဉ်အပြည့်အဝ တန်းစဉ် ကူးပြောင်းနိုင်ရေး တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် မိဘများက အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ထို့ပြင် ဆရာ ဆရာမ များအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများကို စာပေပညာ သင်ကြားပေးရာတွင် တန်းစဉ် အလိုက် စာကျေအောင်၊ စာတတ်အောင် လေ့ကျင့်သင်ကြားပေးကြရန်လိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


