ကော့သောင်း ၂ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနေမှုနှင့်အတူ နိုင်ငံတကာ နှစ်သစ်ကူး အားလပ်ရက်များအတွင်း ကော့သောင်းမြို့နယ်၊ အက်ဒမန်ပင်လယ်အတွင်းရှိ အပန်းဖြေ ကျွန်းများသို့ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းဧည့်သည်များအပြင် ထိုင်းနိုင်ငံမှတစ်ဆင့် ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်ပခရီးသွားဧည့်သည်များမှာ ထိုင်းနိုင်ငံမှတစ်ဆင့် ကော့သောင်းမြို့၏ အထင်ကရ သမိုင်းဝင် နေရာများဖြစ်သည့် ယခင်ဗစ်တိုးရီးယားပွိုင့် (ခေါ်) ဘုရင့်နောင်အငူ၊ ဘုရင့်နောင် မင်းတရားကြီး ရုပ်တုကုန်းမြေ၊ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်၊ ၅၅၅ တောင်ဗျူးပွိုင့်၊ မလိဝမ်း သဘာဝရေတံခွန်၊ သဘာဝရေပူစမ်းနှင့် ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်းရှိ သာယာလှပသည့် သဘာဝအလှ မပျက်ယွင်းသေးသည့် ငှက်သိုက်ကျွန်း၊ ညောင်ဦးဖီးကျွန်း၊ စေတန်ကျွန်း၊ မြင်းခွာကျွန်း၊ စောင်းကောက်ကျွန်း၊ ကြက်မောက်ကျွန်း (ခ) အသည်းပုံကျွန်းနှင့် ခရင်းခွကျွန်း စသည့်နေရာများသို့ အများဆုံးသွားရောက်ကာ အပန်းဖြေ အနားယူလျက်ရှိကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


