မန္တလေး  ၁၇ ဖေဖော်ဝါရီ 

 

နိုင်ငံတကာနှင့်ကိုက်ညီပြီး အများပြည်သူ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် တစ်နိုင်ငံလုံးရှိ မြစ်ရေတိုင်းတာရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှသိရသည်။ 

 

ဇလဗေဒစခန်းရှိသည့် မြို့ပေါင်း ၇၁ မြို့တွင် မြစ်ရေတိုင်းတာရေး Staff Gauge (တည့်မတ်ရေမှတ်တိုင်)များကို နိုင်ငံတကာနှင့်ကိုက်ညီပြီး အများပြည်သူလွယ်ကူစွာ ဖတ်ရှုနိုင်ရန် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

 

ယခုလ  ၁၁ ရက်ထိ ဧရာဝတီမြစ်ဆိပ်ကမ်းရှိ ဇလဗေဒစခန်းများအနက် မန္တလေးမြို့ထိ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

“ ကောင်းကျိုးက အများပြည်သူအနေနဲ့ ရေအမှတ်ကို ကိုယ်တိုင်ကြည့်နိုင်သွားပြီ။ ဒီနေ့ မန္တလေးမြို့မြစ်ရေတက်လာသလား  ကိုယ်တိုင်ကြည့်ပြီး ရေအမှတ်ဖတ်သွားဖတ်လို့ ၁၀ မှာပြနေမယ် ။နောက်တစ်နာရီလောက်မှာ ပြန်လာကြည့် တော့ ၂၀ ဖြစ်သွားပြီဆိုရင် တစ်နာရီအတွင်းမှာ(Time Duration)အရ အဲဒီမှာ နောက် ၅ နာရီဆိုရင် စိုးရိမ်ရေအမှတ် ရောက်တော့မလားဆိုတာ ကိုယ်တိုင်သိနိုင်တယ်” ဟု  ရန်ကုန်မြို့ရှိ ဇလဗေဒဌာန (ရုံးချုပ်)ဦးစီးအရာရှိ ဦးတင်ထွန်းကပြောသည်။

 

ယခင်က မြစ်ရေအမှတ်တိုင်းတာရေးတွင် ဌာနဝန်ထမ်းများကသာ ကြည့်ရှုတိုင်းတာနိုင်ခြင်းဖြစ်၍ ယခုအဆင့်မြှင့် တင်သည့် ရေအမှတ်တိုင်းတာရေးတွင် အများပြည်သူက ဆိပ်ကမ်းသို့ရောက်ရှိကာ အချိန်နှင့်တစ်ပြေးညီ ကိုယ်တိုင်သိရှိနိုင်မည်ဖြစ်သည်။ 

 

အဆင်မြှင့်တင်ရေးလုပ်ငန်းများကို WORLD BANK နှင့် AIRBM Project ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီးပုသိမ်၊မြောင်းမြ၊ မအူပင်၊ သာပေါင်း၊ ဇလွန်၊ ဟင်္သာတမြို့များ၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ပဲခူး၊ တောင်ငူ၊ ဖြူး၊ ဘားအံ၊မြဝတီ စသည့်မြို့များတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး၊ မြစ်ငယ်၊ ရွှေစာရံနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်း၊ မြင်းမူ၊ ကန္နီ စသည့်မြို့များ၊ ကချင်ပြည်နယ် မချမ်းဘောဒေသအထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်