၈ ဇွန်
မြန်မာ ယူ-၁၈ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အဓိကနိုင်ငံတကာပြိုင်ပွဲနှစ်ခုအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ပြီး အောင်မြင်မှုရရှိရန် ပြင်ဆင်လျက်ရှိသည်။
မြန်မာ ယူ-၁၈ အသင်းသည် သြဂုတ် ၅ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ၊ နိုဝင်ဘာလဆန်းတွင် ရန်ကုန်မြို့၌ ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲတို့အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ဇန်နဝါရီကတည်းက တာဝန်ယူနေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်း ယှဉ်ပြိုင်ရမည့် အဓိကနိုင်ငံတကာပြိုင်ပွဲများမှာ နှစ်လယ်နောက်ပိုင်းမှ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် နှစ်ဆန်းပိုင်းတွင် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ထိုက်သင့်သည့်အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ မတ်လတွင် ယှဉ်ပြိုင်သည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုမရခဲ့သော်လည်း ဧပြီတွင် ကျင်းပသည့် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုခေတ္တရပ်နားခဲ့ပြီး မေ ၁၆ ရက်မှစတင်ကာ ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ရွေးချယ်ထားသည့် ကစားသမားများ အတွေ့အကြုံရစေရန် ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် MFF Youth အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ဒုတိယအကျော့ပွဲစဉ်များကို ဇွန် ၁၃ ရက်မှစ၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် သြဂုတ်တွင် ယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် ဇူလိုင်တွင် ပြည်ပလေ့ကျင့်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။
မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူ- ဦးရဲဝင်းအောင်၊ နည်းပြချုပ်- ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ- ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ- ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး- နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောခူမူ၊ နောက်တန်း- ရဲထက်အောင်၊ စည်သူမိုးခန့်၊ ကောင်းခန့်ကျော်၊ ညဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ မျိုးကိုကိုလင်း၊ သက်ဟိန်းစိုး၊ အလယ်တန်း- ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုး အောင်၊ ရန်နိုင်လင်း၊ သူရအောင်၊ ရဲမင်းကျော်၊ နောင်နောင်စိုး၊ ခွန်ကျော်ဇင်ဟိန်း၊ ရှေ့တန်း- သြဘာခ၊ လမင်းထွေး၊ စောကျော်အဲ၊ ညီညီ၊ ပြည့်စုံနိုင်နှင့် ကောင်းခန့်ကျော်တို့ ပါဝင်ကြသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်


