နတ်မောက် စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ချည်မျှင်ရှည်ဝါ သီးနှံ ၃၀၄၇၈ ဧကစိုက်ပျိုးရန်လျာထားပြီး ချည်မျှင်ရှည်ဝါ (ရွှေတောင်-၈)များ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

 

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ကျောက်တံခါးရေလှောင်တမံ၊ ပင်းကန်နှင့် နတ်မောက်ရေလှောင်တမံတို့မှ ရေများကို အမှီပြုပြီး စိုက်ပျိုးရေးသီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မိုးဦးဝါနှင့် မိုးနှောင်းဝါဟူ၍ နှစ်မျိုးစိုက်ပျိုးကြကြောင်း၊ မိုးဦးဝါကို ဇွန်လမှ စတင်စိုက်ပျိုးကြပြီး မိုးနှောင်းဝါကို တောင်သူများနှမ်းရိတ်သိမ်းပြီးမှ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် တောင်သူအများစုသည် ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိစေမည့် နိုင်ငံခြားစပ်မျိုးများ၊ ပြည်တွင်းဝါခြံများမှ ထုတ်လုပ်သော ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၁၁ မျိုးများကို တောင်သူများ စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများက ဝါသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းတိုးတက်စေရန်အတွက် စိုက်ပျိုးရေးနည်းစနစ်များ၊ သီးနှံ ပိုးမွှားရောဂါမကျရောက်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ တောင်သူများအား အသိပညာပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မူမူစန်း