ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာဟာ မွေးကင်းစကလေး ၇၀ဝ မှာ ၁ ယောက်လောက် ဖြစ်နေတဲ့အတွက် ဖြစ်တဲ့သူ လုံးဝမရှားတဲ့ မွေးရာပါ ချို့ယွင်းချက်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန် မိခင်က ဖောလစ်အက်ဆစ် လုံလုံလောက်လောက် မသောက်မိခဲ့လို့၊ မိဘ ၂ ဦးစလုံး ( ဒါမှမဟုတ်) မိဘ တစ်ဦးဦးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ရှိနေလို့ စသဖြင့် အကြောင်းအရင်းတွေ အမျိုးမျိုး ရှိပါတယ်။ ဒီအထဲကမှ  ကံမကောင်းခဲ့လို့ မွေးလာတဲ့ ကိုယ့်ကလေးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ဖြစ်သွားခဲ့ပြီဆိုပါစို့။ ကလေးကို ဘယ်လို နို့တိုက်ရမလဲဆိုတဲ့ ပြဿနာ မေမေတိုင်းရင်ဆိုင်ရမယ့် ပြဿနာပါ။

 

ဘယ်လို နို့တိုက်ရမယ်ဆိုတဲ့အကြောင်း မပြောခင် နှုတ်ခမ်းကွဲ အာခေါင်ကွဲခြင်းကြောင့် ကလေးမှာ နောက်ဆက်တွဲ ထိခိုက်နိုင်တဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

 

  • နှုတ်ခမ်း အာခေါင်ကွဲနေတဲ့အတွက် ကလေးကို အစာကျွေးရခက်တဲ့ ပြဿနာတွေ
  • အစာကျွေးရခက်တော့ ကလေးက ပိန်နေ ညက်နေတဲ့ ပြဿနာတွေ
  • နို့တိုက်နေတဲ့အချိန် နှာခေါင်းထဲက နို့တွေ ပြန်ထွက်လာပြီး နို့သီးတဲ့ပြဿနာတွေ
  • အာဟာရလုံလုံလောက်လောက်မရတော့ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ နောက်ကျတာတွေနဲ့
  • ကွဲနေတဲ့နှုတ်ခမ်းကြောင့် စကားကောင်းကောင်း မပြောနိုင်တာ၊ မျက်နှာပုံပန်းမကျတာ စတဲ့ ပြဿနာတွေ ကလေးမှာ ရှိနိုင်ပါတယ်။

 

ကလေးက ကောင်းကောင်း မစို့နိုင်တော့ နို့တိုက်ဖို့ကလည်း တော်တော်ခက်၊ အာဟာရတွေ မရလို့ကလည်း မဖြစ်၊ အတင်းတိုက်ပြန်ရင် နို့ကလည်း သီးဦးမယ်ဆိုတော့ မှန်ကန်တဲ့ ပုံစံနဲ့ ကလေးကို နို့တိုက်ဖြစ်ဖို့က အရေးကြီးလာပြီပေါ့ ။

 

  • နှုတ်ခမ်းပဲ ကွဲတဲ့ ကလေးဆိုရင်တော့ နို့ကောင်းကောင်းစို့နိုင်ပါသေးတယ်။
  • ဒါပေမယ့် နှုတ်ခမ်းရော အာခေါင်ရော ကွဲနေပြီဆိုရင်တော့ ကလေးရဲ့ နို့စို့နိုင်အားက လျော့ကျသွားပါလိမ့်မယ်။ ဒီတော့ ဒါလေးတွေ ဖတ်ကြည့်ဖို့လိုပါတယ်။

 

မိခင်နို့တိုက်မယ်ဆိုရင်

 

မိခင်နို့ကို အများဆုံး ၁၀- မိနစ်လောက်သာ တိုက်သင့်ပြီး ကလေးဆီ နို့ကောင်းကောင်းမဝင်သွားဘူးလို့ ထင်တဲ့အခါမျိုးမှာ အကူအဖြစ် နို့ဘူးတွေ တိုက်ဖို့လိုလာပါပြီ။

 

နောက်ပြီး နို့ညှစ်တဲ့ ကိရိယာဆောင်ထားဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ကလေးနို့မစို့လို့ ဖြစ်တတ်တဲ့ နို့တင်းတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဖြစ်သလို ညှစ်ပြီးသားနို့တွေကို နို့ဘူးကနေတစ်ဆင့် ကလေးကို တိုက်လို့ရပါတယ်။

 

နို့တိုက်တဲ့အခါ ကလေးကိုယ် အနည်းငယ် ထောင်မတ်နေတဲ့ ပုံစံမျိုးနဲ့ နို့တိုက်ဖို့လိုပါလိမ့်မယ်။

 

mdn

 

နို့ဘူးတိုက်မယ်ဆိုရင်

 

နှုတ်ခမ်းကွဲ အာခေါင်ကွဲနေတဲ့ ကလေးတစ်ယောက်က ချိုလိမ်စုပ်အား အခြားကလေးတွေထက် နည်းနေတာကြောင့် နို့သောက်တာ ပုံမှန်ထက် ပိုကြာနေတတ်ပြီး တစ်ခါတစ်ခါ နှာခေါင်းကနေ နို့တွေ ပြန်ထွက်လာတတ်ပါတယ်။ နောက်ပြီး နို့ကို စုပ်လိုက်ချိန် လေတွေပါ ဝင်ဝင်သွားတတ်လို့ လေထိုးလေနာတဲ့ ပြဿနာတွေ ဆက်ဖြစ်နိုင်ပါသေးတယ်။ ဒီတော့

ကလေးကို နို့ဘူးတိုက်တဲ့အခါ လှဲမတိုက်ဘဲ မတ်မတ်အနေအထားနဲ့ တိုက်ပေးပါ။ နှာခေါင်းထဲက နို့ပြန်ထွက်တဲ့ ပြဿနာကို လျှော့ချပေးမှာ ဖြစ်သလို နားအတွင်း ပိုးဝင်ခြင်းတွေကိုလည်း လျှော့ချပေးဦးမှာပါ။

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ နို့ဘူးတွေကို ရွေးချယ်ပါ

ဘူးအမာအစား ညှစ်လို့ရမယ့် ဘူးပျော့ပျော့လေးတွေဆို ပိုကောင်းပါတယ်။ ဒါမှ နို့စီးဆင်းမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်လိ်ု့ပါ။

နို့တိုက်ပြီးတာနဲ့ ကလေးကို လေထုတ်ပေးဖို့လည်း မမေ့ပါနဲ့။

 

mdn

 

ဖြည့်စွက်စာကျွေးတဲ့အခါ

 

ဖြည့်စွက်စာ စားတဲ့အရွယ်၊ ဇွန်းနဲ့ ကျွေးလို့ရတဲ့ အရွယ်ရောက်လာရင် နည်းနည်းတော့ ပိုပြီးအားစိုက်ရပါလိမ့်မယ်။ ဖြည့်စွက်စာတွေကို လျှာနဲ့ပြန်တွန်းထုတ်တာ၊ အစာသီးပြီး ချောင်းဆိုးတာ၊ နှာခေါင်းထဲကနေ အစာတွေ ပြန်ထွက်လာတဲ့ ပြဿနာတွေ ရှိနိုင်တာကြောင့်ပါ။

 

နှာခေါင်းထဲ ဝင်သွားတဲ့ အစားအစာတွေကို နှာချေပြီး ပြန်ထုတ်တာရှိသလို၊ နောက်တစ်လုပ်စားရင်းနဲ့မှ အစာတွေ ပြန်မျိုကျသွားတာမျိုးလည်းရှိတတ်ပါတယ်။ ဟင်းချိုရည် အကူအညီလေးတွေတော့ လိုတာပေါ့။

 

နှာခေါင်းမှာ အစာတွေ လုံးဝပိတ်သွားပြီလို့ ထင်တဲ့အခါမျိုးတွေမှာ ကလေးကို ရေနည်းနည်းတိုက်လိုက်ပါ။

 

ဒါတောင်မှ နှာခေါင်းထဲ အစာပိတ်နေသေးတယ်ဆိုရင်တော့ ကလေးအတွက် ထုတ်ထားတဲ့ စုပ်ခွက်ဘူဘောင်းလေးတွေနဲ့ အစာကို စုပ်ထုတ်ပြီး ရေနဲ့ပြန်ဆေးချပါ။

 

တစ်ချိုကလေးတွေဆို ဖြည့်စွက်စာ တော်တော်ကျွေးမရတာမျိုး ဖြစ်တတ်ပါတယ်။ အချိန်ယူပါ။ တောက်လျှောက်ဖြည့်စွက်စာတွေကို ငြင်းနေပြီဆိုရင်တော့ ကလေးဖြည့်စွက်စာစားလို့ မရသေးတာလည်း ဖြစ်နိုင်တာကြောင့် နို့ပဲ ပြန်တိုက်ပြီး ၂ ပတ်လော်ကကြာမှ ပြန်စမ်းကြည့်ပါ။

 

mdn

 

ဘာပဲလုပ်လုပ် ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးထားဖို့တော့လိုတာပေါ့။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

 

MDN