ကုလသမဂ္ဂ ဩဂုတ် ၂၇
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဉာဏ်ရည်တုနည်းပညာဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂလက်အောက် အဖွဲ့အစည်းအသစ်တစ်ခု ထူထောင်ရန် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကုလသမဂ္ဂလွတ်လပ်သော နိုင်ငံတကာသိပ္ပံနည်းကျအဖွဲ့ကို တည်ထောင်ခြင်းနှင့် ဉာဏ်ရည်တုနည်းပညာအပေါ် စီမံထိန်းချုပ်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပမည့် အစီအစဉ်သည် အဆိုပါနည်းပညာနှင့်ဆက်စပ် သည့်အန္တရာယ်များကို ဖြေရှင်းရန်နှင့် ၎င်း၏ အကျိုးကျေးဇူးများကို အသုံးချရန်အတွက် သိသာထင်ရှာသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ချမှတ်ခဲ့သည့် ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ သဘောတူညီချက်၏ ကတိကဝတ်ကို လိုက်နာခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာသိပ္ပံနည်းကျအဖွဲ့သည် နောက်ဆုံးပေါ် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ သုတေသနနှင့် မူဝါဒချမှတ်ခြင်းစသည့် အရေးကြီးသောလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
ယခုချမှတ်သည့် ပဏာမခြေလှမ်းကို ထောက်ခံပြီး လူသားအားလုံး၏ ကောင်းကျိုးကို ဆောင်ရွက်ပေးမည့် ဉာဏ်ရည်တုတည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ကူညီရန်သက်ဆိုင်သည့် နိုင်ငံအားလုံးကို တောင်းဆိုပါကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်


