နေပြည်တော် ၁၂ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲတွင် နယူးဒေလီမြို့၊ Karol Bargh အရပ်ရှိ Arpit Hotel ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် အဆိုပါ ဟိုတယ်၌ တည်းခိုနေထိုင်လျက်ရှိသော အဖွဲ့ဝင် (၇)ဦးပါ ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့မှ (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယူးဒေလီမြို့ရှိ မြန်မာသံရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အခင်းဖြစ်ပွားမှုတွင် ပါဝင်ခဲ့သော မြန်မာများအတွက် မြန်မာသံရုံး၊ နယူးဒေလီမြို့၊ ကောင်စစ်ရေးရာဌာန တာဝန်ခံ ပထမအတွင်းဝန် ဒေါ်မို့၊ ပထမအတွင်းဝန် ဒေါ်ခင်မာသီနှင့် ဒုတိယအတွင်းဝန် ဦးကောင်းဖြိုးဝင့်တို့မှ အခင်းဖြစ်ပွားရာ နေရာနှင့် ဆေးရုံများသို့ သွားရောက်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာသံရုံးတာဝန်ရှိသူများ၏ အတည်ပြုချက်အရ သေဆုံးသူ (၂)ဦးမှာ တိုက်ကြီးမြို့မှ ဒေါ်လှမေ အသက် (၆၆) နှစ်၊ မြန်မာနိုင်ငံကူးလက်မှတ်အမှတ် MD838696 နှင့် ဒေါ်မြမြထွေး၊ အသက် (၄၄) နှစ် မြန်မာနိုင်ငံကူးလက်မှတ်အမှတ် MD807824 တို့ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ (၁) ဦးသည် Lady Hardinge ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်မြန်မာနိုင်ငံသား (၄)ဦးသည် Hotel Metro View တွင် တည်းခိုနေထိုင်လျက်ရှိကြောင်း၊ အခင်းဖြစ်ပွားမှုတွင် ပါဝင်သူ မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံးနှင့် မြန်မာဘုန်းတော်ကြီးများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
MDN


