နယူးဒေလီ နိုဝင်ဘာ ၁၇
အိန္ဒိယနိုင်ငံ စုံစမ်းစစ်ဆေးရေးအာဏာပိုင်များသည် လွန်ခဲ့သောသီတင်းပတ်က နယူးဒေလီ၌ ဖြစ်ပွားခဲ့သော ကားပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။
နိုဝင်ဘာ ၁၀ ရက်က သမိုင်းဝင် ရက်ဒ်ဖို့တ်အနီးတွင် ကားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးခန့် သေဆုံးခဲ့ကာ ၃၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ အိန္ဒိယအစိုးရက အဆိုပါဗုံးပေါက်ကွဲမှုကို “အမျိုးသားဆန့်ကျင်ရေးတပ်ဖွဲ့များ” ကျူးလွန်သည့် အကြမ်းဖက်ဖြစ်ရပ်ဟု ခေါ်ဆိုခဲ့သည်။
ပေါက်ကွဲမှုတွင်ပါဝင်သော ကားသည် ဖမ်းဆီးခံရသူ၏ အမည်ဖြင့် မှတ်ပုံတင်ထားကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါအမျိုးသားသည် အငြင်းပွားမှုဖြစ်ပွားနေသော ကက်ရှ်မီးယားဒေသတွင် နေထိုင်သူဖြစ်ကြောင်း အာဏာပိုင်များက ထပ်လောင်း ပြောကြားခဲ့သည်။
ပေါက်ကွဲမှုတွင်သေဆုံးခဲ့သော ကားမောင်းသူမှာ ကက်ရှ်မီးယားဒေသမှ ဆရာဝန်တစ်ဦးဖြစ်သည်ဟု အာဏာပိုင်များက ဆက်လက်ပြောကြားသည်။ ၎င်းတို့ နှစ်ဦးသည် မော်တော်ယာဉ်ဝယ်ယူရန်နှင့် တိုက်ခိုက်ရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု အာဏာပိုင်များက ယုံကြည်ကြသည်။
ကားမောင်းသူမှာ ပါကစ္စတန်အခြေစိုက် အစ္စလာမ္မစ်စစ်သွေးကြွများနှင့် အဆက်အသွယ်ရှိသည်ဆိုသော စုံစမ်းစစ်ဆေးရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသမီဒီယာများက ဖော်ပြခဲ့သည်။
အင်န်အိတ်ချ်ကေ


