ကင်ဘာရာ ဒီဇင်ဘာ ၂၂
ဩစတြေးလျနိုင်ငံ ဗွန်ဒီကမ်းခြေတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွက် ဂျူးလူမျိုးများအား တောင်းပန်ကြောင်းနှင့် အမုန်းစကား ပြန့်ပွားမှုတားဆီးရေးဥပဒေကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ထော်နီအယ်ဗားနိစ်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောသည်။
ဗွန်ဒီကမ်းခြေတွင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွက် တာဝန်ရှိကြောင်း မိမိဝန်ခံလိုသည်ဟု ၎င်းက ပြောသည်။
ဂျူးလူမျိုးများနှင့် ဩစတြေးလျ တစ်မျိုးသားလုံး ခံစားခဲ့ရသည့် ယင်းအကြမ်း ဖက်မှုအတွက် ဝမ်းနည်းပါကြောင်း ၎င်းကပြောသည်။ အစိုးရအနေဖြင့် ဩစတြေးလျနိုင်ငံသား ဂျူးလူမျိုးများအား ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကာ ဩစတြေးလျနိုင်ငံရှိ လူ့အသိုင်းအဝိုင်းများအား ဖြိုခွဲမည့် အိုင်အက်စ်အကြမ်းဖက်သမားများ၏ အကြံအစည်ကို ခွင့်ပြုမည်မဟုတ် ကြောင်း ၎င်းကပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် အစိုးရအဖွဲ့သည် အစည်းအဝေးကျင်းပခဲ့ပြီး အမုန်းစကားများနှင့် ၎င်း၏ အကျိုးဆက်များကို တိုက်ဖျက်ရန် ရည်ရွယ်သည့် ဥပဒေပြုရေးအစီအစဉ်ကို ဆောင်ရွက်ရန် သဘောတူခဲ့သည်ဟု အယ်ဗားနိစ်က ပြောသည်။
၂၀၂၆ ခုနှစ်တွင် ပါလီမန်သို့ တင်ပြမည့် အမုန်းစကားတိုက်ဖျက်ရေးဥပဒေတွင် အမုန်းစကားများ ပြန့်ပွားစေခြင်းအတွက် ပြစ်ဒဏ်များ တိုးမြှင့်သတ်မှတ်ထားပြီး အကြမ်းဖက်မှုဖြစ်ပွားစေရေး အမုန်းစကားပြန့်ပွားစေသူတရားခံများအား ပြည်ဝင်ခွင့် ဗီဇာရုပ်သိမ်းနိုင်မည့်လုပ်ပိုင်ခွင့်ကို ပြည်ထဲရေးဝန်ကြီးအားအပ်နှင်းထားကြောင်း သိရသည်။ ကလေးသူငယ်များအား အကြမ်းဖက်မှု ကျူးလွန်ရေး စည်းရုံးသူများကိုလည်း အရေးယူမည်ဟု သိရသည်။
ကလေးသူငယ်များအား အကြမ်းဖက်မှုနှင့် အမုန်းစကားပြန့်ပွားခြင်းဆိုင်ရာ မှုခင်းများကျူးလွန်ရန် စည်းရုံးခြင်းကို တားဆီးရမည်ဟု ရှေ့နေချုပ် မစ်ချယ်ရော်လန်ကပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


