ကင်ဘာရာ နိုဝင်ဘာ ၁
ဩစတြေးလျနိုင်ငံသည်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးစီးသည့် စင်ကာပူနိုင်ငံသားများအား နိုဝင်ဘာ ၂၁ ရက်မှစတင်ကာ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံဝန်ကြီးချုပ် စကော့မောရစ်ဆင်က ယနေ့တွင် ကြေညာသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးသည့်စင်ကာပူနိုင်ငံသားများသည် ဩစတြေးလျ နိုင်ငံသို့ ရောက်ရှိလာချိန်တွင် သီးသန့်ခွဲထား စောင့်ကြည့်မှုခံယူရန် မလိုအပ်ကြောင်းလည်း ဩစတြေးလျသတင်းစာ The Ageက သတင်းဖော်ပြသည်။
ဩစတြေးလျနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် နယူးဇီလန်နိုင်ငံသားများကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုပြီးနောက် စင်ကာပူနိုင်ငံသည် ဩစတြေးလျနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုခဲ့သည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။
စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံ၏ နယူးဆောက်ဝေးလ်နှင့် ဗစ်တိုးရီးယားပြည်နယ်တို့အကြား အသွားအပြန် ခရီးသွားရာတွင် သီးသန့်ခွဲထား စောင့်ကြည့်မှုခံယူရမည်မဟုတ်ဘဲ စင်ကာပူနိုင်ငံမှ ကျောင်းသားများအနေဖြင့် ၎င်းတို့၏ လေ့လာမှုများ ကို ပြန်လည်စတင်ဆောင်ရွက်နိုင်ရန် နယူးဆောက်ဝေးလ်နှင့် ဗစ်တိုးရီးယား ပြည်နယ်များသို့ လာရောက်နိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
စင်ကာပူနိုင်ငံသား ၅၀၀၀၀ ကျော်သည် ဩစတြေးလျနိုင်ငံ၌ နေထိုင်လျက်ရှိပြီး ဩစတြေးလျနိုင်ငံသား ၂၅၀၀၀ ခန့်သည် စင်ကာပူနိုင်ငံ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။
ကိုးကား-စီအင်န်အေ
ဘာသာပြန်-အလင်းသစ်


