ဆစ်ဒနီ    ဒီဇင်ဘာ    ၉

ဩစတြေးလျနိုင်ငံက ပြဋ္ဌာန်းသည့် အသက် ၁၆ နှစ်အောက်ရှိသူများအား လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးဥပဒေသည် ဒီဇင်ဘာ ၁၀ ရက်တွင် စတင်အသက်ဝင်လာမည်ဖြစ်ကြောင်း သိရသည်။

၎င်းဥပဒေအရ အသက် ၁၆ နှစ်အောက်ရှိသူများအနေဖြင့် ဖေ့စ်ဘွတ်၊ ယူကျု၊ တစ်တော့နှင့် အိက်စ်လူမှုမီဒီယာတို့တွင် အကောင့်များပြုလုပ်ခြင်းကို တားမြစ်မည်ဖြစ်သည်။ အစိုးရအနေဖြင့် ကလေးများအား လူမှုမီဒီယာသုံးစွဲရာမှ ရရှိလာမည့် ဖိအားများကို ကင်းလွတ်စေရေးအတွက်  ယခုကဲ့သို့  ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်   အန်ထော်နီ အယ်ဗေးနိစ်က   ပြောသည်။   ကျောင်းသားများအနေဖြင့် ကျောင်းအားရက်များတွင် ဖုန်းဖြင့် အချိန်ကုန်မည့်အစား အကျိုးရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် ၎င်းက ပြောကြားသည်။ အားကစားနည်းသင်ယူခြင်း၊ စာပေဖတ်ရှုခြင်းနှင့် မိတ်ဆွေများနှင့်တွေ့ဆုံခြင်းဖြင့် လူမှုဘဝဝန်းကျင်နှင့် ထိတွေ့ရေးဆောင်ရွက်ရမည်ဟု ၎င်းကပြောသည်။ ဩစတြေးလျပါလီမန်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ပြဋ္ဌာန်းခဲ့သည့်  ဥပဒေအရ အသက် ၁၆ နှစ်အောက်ရှိသူများအား လူမှုမီဒီယာများတွင် အကောင့်များ  မဖွင့်နိုင်စေရေးအတွက်  လူမှုမီဒီယာများက  ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ဥပဒေကို  လိုက်နာခြင်းမရှိသည့် လူမှုမီဒီယာလုပ်ငန်းများအား ဒဏ်ငွေဩစတြေးလျ ဒေါ်လာ ၄၉ ဒသမ ၅ သန်းပေးဆောင်ရန် သတ်မှတ်ထားသည်။ ကမ္ဘာ့နိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ အင်ဒိုနီးရှား၊ ဘရာဇီး၊ မလေးရှားနှင့် နယူးဇီလန်တို့ကလည်း ၎င်းစည်းမျဉ်းကို သတ်မှတ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။                   

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ