ဆစ်ဒနီ စက်တင်ဘာ ၁၆
ဩစတြေးလျနိုင်ငံ၌ ဆိုရှယ်မီဒီယာလုပ်ငန်းများအနေဖြင့် အသက် ၁၆ နှစ်အောက်ရှိသူများ၏ ဆိုရှယ်မီဒီယာအကောင့်များကို ရှာဖွေဖော်ထုတ်ပြီး ပိတ်ပင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။
ယခုနှစ် ဒီဇင်ဘာလတွင် အသက် ၁၆ နှစ်အောက်ရှိသူများအား ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်သည့် ဥပဒေသည် နိုင်ငံအတွင်း အသက်ဝင်မည်ဖြစ်သည်။ ဥပဒေအရ ဆိုရှယ်မီဒီယာလုပ်ငန်းများအနေဖြင့် အသက် ၁၆ နှစ်အောက်ရှိသူများ၏ ဆိုရှယ်မီဒီယာ အကောင့်များကို ပိတ်ပင်ရမည်ဖြစ်ကာ ယင်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တာဝန်ရှိသူများအား အသိပေးရမည်ဖြစ်သည်။
ဩစတြေးလျပါလီမန်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက အတည်ပြုခဲ့သည့် ၎င်းဥပဒေအရ အသက် ၁၆ နှစ်အောက် ရှိသူများအား ဆိုရှယ်မီဒီယာသုံးစွဲခွင့်ပိတ်ပင်ရန် ပျက်ကွက်သည့် ဆိုရှယ်မီဒီယာလုပ်ငန်းများသည် ဩစတြေးလျဒေါ်လာ ၄၉ ဒသမ ၅ သန်း ဒဏ်ဆောင်ရမည် ဖြစ်သည်။ မိမိတို့အနေဖြင့် အသက် ၁၆ နှစ်အောက်ရှိ ကလေးများအား အွန်လိုင်းမှ နှောင့်ယှက်သူများ၏ရန်မှ ကာကွယ်ရေးအတွက် အဓိပ္ပာယ်ရှိသည့် ဆောင်ရွက်ချက်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး အနီကာဝဲလ် က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


