မဲလ်ဘုန်း  အောက်တိုဘာ  ၂၁

ဩစတြေးလျနိုင်ငံ၌   ယခုနှစ်အတွင်း  လက်ရှိအချိန်အထိ ဓာတ်ခွဲခန်းအတည်ပြု တုပ်ကွေးလူနာ ၄၁၀၀၀၀ ကျော်ရှိလာပြီဖြစ်သောကြောင့်  စံချိန်တင်အဆိုးရွားဆုံး  တုပ်ကွေးရာသီနှင့် ကြုံတွေ့နေကြောင်း သိရသည်။

အဆိုပါအရေအတွက်ပမာဏသည် ယမန်နှစ်က စံချိန်တင်ထားသော  ရောဂါဖြစ်ပွားမှုအရေအတွက် ၃၆၅၀၀၀ ထက် ကျော်လွန်သွားပြီဖြစ်ကြောင်း   တော်ဝင်ဩစတြေးလျဆရာဝန်ကြီးများအသင်း (အာရ်အေစီဂျီပီ)က ပြောကြားသည်။

ဩစတြေးလျနိုင်ငံ၏ တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုမှာ  လူအယောက် ၁၀၀၀၀၀ လျှင်  ၁၅၂၅ ဦးခန့်  ဖြစ်ပွားလျက်ရှိပြီး ၂၀၂၄ ခုနှစ်ကထက်  ၁၁  ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း အာရ်အေစီဂျီပီက ပြောသည်။ ကူးစက်ဖြစ်ပွားသူ ၄၄၅၀၀ ကျော်မှာ  အသက်ငါးနှစ်အောက် ကလေးငယ်များဖြစ်သည်။

တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း တုပ်ကွေးကာကွယ်ဆေးထိုးနှံမှုမှာ ရပ်တန့်နေကြောင်း သိရသည်။ ယခုနှစ်အတွင်း  အသက်ခြောက်လမှ  ငါးနှစ်အထိ  ကလေးငယ် ၂၅ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၆၅ နှစ်အထက်ရှိသူ ၆၀ ဒသမ ၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနှံထားသည်။                      

ဆင်ဟွာ