ရန်ကုန် ဩဂုတ် ၉

 

ONE Friday Fights 119 ပြိုင်ပွဲကို ဩဂုတ် ၈ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပရာ မြန်မာဖိုက်တာနှစ်ဦးစလုံး ရှုံးပွဲကြုံတွေ့ခဲ့သည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာဖိုက်တာများဖြစ်သည့် ဆွန်ရက်နှင့် စိန်လုံးချောတို့ ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး နှစ်ဦးစလုံး အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဆွန်ရက်သည် Main Event (ခေါင်ပွဲ) ထိုးသတ်ခွင့်ရခြင်းဖြစ်ပြီး ထိုင်းဖိုက်တာ ဆာမီဒမ်နှင့် တွေ့ဆုံခဲ့သည်။ ဆွန်ရက်သည် ဆာမီဒမ်နှင့် လက်ရည်မကွာသော်လည်း အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သုံးချီပြည့်သည်အထိ အလဲမထိုးနိုင်သဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ခဲ့ရပြီး အနိုင်ရသူအား ကြေညာချိန်တွင် အငြင်းပွားဖွယ်ရှိခဲ့သည်။ ဆွန်ရက်သည် ONE နှင့် ၁၃ ပွဲမြောက် ထိုးသတ်ရာတွင် ခြောက်ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မြန်မာဖိုက်တာ စိန်လုံးချောသည် ထိုင်းဖိုက်တာ ဆာနစ်နှင့် တွေ့ဆုံခဲ့ပြီး ဒုတိယအချီ ၁ မိနစ် ၃၂ စက္ကန့်တွင် အလဲထိုးအရေးနိမ့်ခဲ့သည်။ စိန်လုံးချောသည် ONE နှင့် ထိုးသတ်ထားသည့် နှစ်ပွဲစလုံး အရေးနိမ့်ထားပြီး ယခုပွဲတွင်လည်း လက်စွမ်းမပြနိုင်ဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထိုင်းဖိုက်တာ ဆာနစ်မှာမူ ပထမဆုံးပွဲတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

 

သတင်း-ထွဏ်းသွေးအိမ်၊ ဓာတ်ပုံ-ONE