နေပြည်တော်    ဩဂုတ်   ၁၁

သြဂုတ် ၁၅ ရက်တွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် ONE Friday Fights 120 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သုံးဦး ထိုးသတ်ခွင့်ရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မြန်မာဖိုက်တာများဖြစ်သည့် သန့်ဇင်၊ စိုးနောင်ဦးနှင့် အောက်ချင်းလေးတို့ ထိုးသတ်ခွင့်ရမည်ဖြစ်ပြီး သန့်ဇင်ကထိုင်းဖိုက်တာ ကင်ဆန်လက်ခ်၊ စိုးနောင်ဦးက လက်ဘနွန်ဖိုက်တာ အိုမာ၊ အောက်ချင်းလေးက ဂျပန်ဖိုက်တာ အီရှီအီတို့နှင့် ထိုးသတ်ရမည်ဖြစ်သည်။ သန့်ဇင်နှင့် ကင်ဆန်လက်ခ်ပွဲကို ယခင်က သြဂုတ် ၈ ရက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း   ကင်ဆန်လက်ခ်၏ ကျန်းမာရေးအခြေအနေကြောင့်   တစ်ပတ် နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။  သန့်ဇင်သည်  ONE နှင့် လေးပွဲထိုးသတ် ရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပြီး နောက်ဆုံးနှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားမှုကို  အဆုံးသတ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။  သန့်ဇင်နှင့် ကင်ဆန်လက်ခ် တွဲဆိုင်းကို   Co-Main Event အဖြစ် ကျင်းပမည်ဖြစ်သည်။ စိုးနောင်ဦးနှင့် အောက်ချင်းလေးမှာမူ ONE  နှင့် ပထမဆုံးပွဲ ထိုးသတ်ရခြင်းဖြစ်သည်။                                 

သတင်း-ချစ်ကိုကို
ဓာတ်ပုံ-ONE